DVB Logo
Home
မြန်မာသတင်း
မြစ်ချောင်းများ၌ သတ္တုတူးဖော်လုပ်ငန်းများ ရပ်တန့်ရန် တောင်းဆို  (ဓာတ်ပုံ) 
DVB
·
March 24, 2026
မြစ်ချောင်းများ၌ သတ္တုတူးဖော်လုပ်ငန်းများ ရပ်တန့်ရန် တောင်းဆို  (ဓာတ်ပုံ) 
1 / 25
Photo: DVB
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့မှာ ကမ္ဘာ့ရေနေ့ (World Water Day) အထိမ်းအမှတ်အဖြစ် မြစ်ချောင်းအနီး နေထိုင်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ စုပေါင်းပြီး မြစ်ချောင်းများ ကာကွယ်ရေးလှုပ်ရှားမှုတရပ်ကို မတ် ၂၂ ရက်က ပြုလုပ်ခဲ့ကြပါတယ်။

သန့်ရှင်းပြီး အန္တရာယ်ကင်းတဲ့ ရေအရင်းအမြစ် သုံးစွဲခွင့် ရရှိနိုင်ရေးအတွက် ချင်းရိုင်မြို့က ဝပ်ဖန်းမင်နဲ့ ‌ကော့မြစ်(နမ့်ခုတ်)ဘေးက ပန်းခြံမှာ မြစ်ချောင်းများ ကာကွယ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာပါ။

ကော့မြစ် (နမ့်ခုတ်မြစ်)၊ စိုင်မြစ်၊ ရောက်ဖြစ်၊ မဲခေါင်မြစ်နဲ့ သံလွင်မြစ်တွေကို ညစ်ညမ်းစေတဲ့ နယ်စပ်ဖြတ်ကျော် သတ္တုတူးဖော်ရေး လုပ်ငန်း‌တွေကို အမြန်ဆုံး ရပ်တန့်‌ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

“ပြည်သူများရဲ့ မြစ်ချောင်းများ ကာကွယ်စောင့်ရှောက်ရေးပွဲတော်” လို့ အမည်ပေးထားတဲ့ ဒီလှုပ်ရှားမှုမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်ထဲက ‘ဝ’တပ်ဖွဲ့ နဲ့ တရုတ်ကုမ္ပဏီတွေ ပူးပေါင်းပြီး ရွှေတူးဖော်မှုတွေနဲ့ မြေရှားသတ္တုတူးဖော်မှုတွေကြောင့် တချိန်က ကြည်လင်ခဲ့တဲ့ မြစ်ရေတွေဟာ အဆိပ်သင့်နေပြီး ဒေသတွင်း အရေးပေါ် အခြေအနေတရပ် ဖြစ်နေပြီလို့ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသူတွေက ထောက်ပြကြပါတယ်။

Rivers and Rights အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ပီယန်ဖွန်းဒီးတက်စ် က “ဒါဟာ ဖြည်းဖြည်းချင်း အဆိပ်ခတ်ပြီး သတ်သလိုပါပဲ၊ ဒီအဆိပ်အတောက်‌တွေက အစာကွင်းဆက်ထဲလည်း ဝင်ရောက်သွားပါပြီ၊ ဇီဝမျိုးစုံမျိုးကွဲတွေဆီနဲ့ ကျမတို့ရဲ့ ခန္ဓာကိုယ်ထဲတွေဆီကိုပေါ့" လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ သဘာဝအရင်းအမြစ်နဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန‌အောက်မှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာနရဲ့ မကြာသေးခင်က စမ်းသပ်ချက်တွေအရ ကော့မြစ် (နမ့်ခုတ်မြစ်) အတွင်းမှာရှိတဲ့ အာဆင်းနစ် အဆိပ်ပမာဏဟာ ဘေးကင်းလုံခြုံ စိတ်ချရတဲ့ အဆင့်ထက် ၅ ဆခန့် ပိုပြီး များပြားနေတယ်လို့ အတည်ပြုခဲ့ပါတယ်။

ကျန်းမာရေးတာဝန်ရှိသူတွေကလည်း မြစ်ချောင်းအနီး နေထိုင်ကြတဲ့ ဒေသခံတွေရဲ့ ဆံပင်နဲ့ ခြေသည်း၊ လက်သည်းတွေမှာ အာဆင်းနစ်ဓာတ်များ စုပုံနေတာကို တွေ့ရှိခဲ့ရတာကြောင့် ရေရှည်ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် စိုးရိမ်မှုတွေ မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

မြစ်ထဲက ငါးတွေကို ဘေးကင်းလုံခြုံစွာ စားသုံးနိုင်ဖို့ဆိုတဲ့ စိန်ခေါ်မှုတွေလည်း ရှိနေတဲ့အတွက် Naresuan University၊ Mae Fah Luang University နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်တဲ့ “Safe Fish” ဆိုတဲ့ အက်ပလီကေးရှင်းတခုကိုလည်း မိတ်ဆက်ခဲ့ကြပါတယ်။

မယ့်ဖာလုံတက္ကသိုလ်က ကထိက၊ သုတေသီ ဒေါက်တာ စူအက်စကွန် ကစ်နူကွန်က “ဒီအက်ပလီကေးရှင်းက ငါးစမ်းသပ်မှု ရလဒ်အတွက်ပါ၊ စားသုံးသူတွေက ငါးဝယ်ယူရာမှာ ဆိုင်မှာရှိတဲ့ QR code ကို စကန်ဖတ်ပြီး အဲဒီငါးက စားသုံးဖို့ ဘေးကင်းမှု ရှိ၊ မရှိနဲ့ သိပ္ပံနည်းကျ စမ်းသပ်ချက်ရလဒ်တွေကို ကြည့်ရှုပြီး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ရောင်းချသူတွေနဲ့ တံငါသည်တွေကတော့ မိမိတို့ ဖမ်းဆီးရောင်းချတဲ့ ငါးတွေဟာ အဆိပ်သင့် သတ္တုဓာတ် ကင်းစင်ကြောင်း အချက်အလက်အထောက်အထားတွေ ရရှိမှာပါ။ ဒါပေမဲ့ ဒါက စမ်းသပ်ကာလပဲ ရှိပါသေးတယ်” လို့ ဆိုပါတယ်။

ဒီကမ္ဘာ့ရေနေ့ အထိမ်းအမှတ်ပွဲမှာ မြစ်ချောင်းများ ကာကွယ်စောင့်ရှောက်နေတဲ့ ပြည်သူ့ကွန်ရက်အဖွဲ့ဟာ မြစ်ချောင်းတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ တောင်းဆိုချက် ၁၂ ချက်ကို ထိုင်းအစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ 

အဲဒီ ၁၂ ချက်ထဲမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံကို တင်ပို့နေတဲ့ မြေရှားသတ္တု (Rare Earth)၊ စကန်ဒီယမ် (Scandium)၊ ယစ်ထရီယမ် (Yttrium) စတဲ့ ရှားပါးသတ္တုတွေနဲ့ ခနောက်စိမ်း၊ ခဲ၊ သံဖြူ၊ ကြေးနီ၊ မက်ဂနိစ်နဲ့ တန်စတင် စတဲ့ အရေးပါတဲ့ သတ္တုတွင်းထွက်တွေရဲ့ တင်သွင်းမှုဆိုင်ရာ အချက်အလက်အားလုံးကို ထိုင်းအစိုးရက အပြည့်အဝ ထုတ်ပြန်ပေးဖို့ဆိုတဲ့ အချက် ပါဝင်ပါတယ်။

ဒါ့အပြင် အဆိပ်သင့်သတ္တုဓာတ် ညစ်ညမ်းမှုအန္တရာယ်တွေကို မြေပုံညွှန်းတွေနဲ့ ဖော်ပြပေးဖို့၊ မြန်မာ၊ တရုတ်နဲ့ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မြစ်တွေကို ညစ်ညမ်းစေတဲ့ သတ္တုတွင်းတွေကို ပိတ်သိမ်းမှုအတွက် တောင်းဆိုတဲ့ ဒေသတွင်း ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့နဲ့ ချင်းမိုင်ခရိုင်၊ မယ့်အိုင်ဒေသက ထိခိုက်လွယ်တဲ့ ရပ်ရွာ ၁၁ ခုအတွက် အန္တရာယ်ကင်းတဲ့ ရေရရှိနိုင်အောင် စီစဉ်ပေးဖို့ စတဲ့ အချက်‌တွေလည်း ပါဝင်ပါတယ်။

Rivers and Rights အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ပီယန်ဖွန်း ဒီးတက်စ် က “တရုတ်နိုင်ငံတုန်းကလည်း အခုလိုမျိုး သတ္တုတူးဖော်ရေးကို သူတို့ရဲ့ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ လုပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ အဆိပ်အတောက် ညစ်ညမ်းမှုဒဏ်ကို မခံနိုင်တော့တဲ့အဆုံး သူတို့နိုင်ငံထဲမှာ အဲဒီလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ပြီးတော့ ကချင်ပြည်နယ်ထဲကို ရောက်လာတယ်၊ နောက်ပိုင်းမှာတော့ ကျမတို့မြစ်တွေရဲ့ မြစ်ဖျားခံရာ ရှမ်းပြည်နယ်တောင်ပိုင်းအထိ ဆင်းလာကြတာပဲ။ ဒါဟာ ဒေသခံတွေရဲ့ သဘောထားကို မမေးမြန်းဘဲ လုပ်ဆောင်နေတာဖြစ်သလို၊ တရားဥပဒေ စိုးမိုးမှုမရှိတဲ့၊ အရပ်ဘက်အဖွဲ့အစည်းတွေ မရှိတဲ့၊ မြစ်ချောင်းနဲ့ လူထုကို ကာကွယ်ပေးမယ့်စနစ်တွေ မရှိတဲ့ မြန်မာနိုင်ငံရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူနေတာပါ” လို့ ပြောပါတယ်။

ကမ္ဘာ့ရေနေ့ အခမ်းအနားကို မြစ်ကမ်းနံဘေးမှာ တေးဂီတ၊ ကဗျာရွတ်ဆိုသံတွေနဲ့ အဆုံးသတ်ခဲ့ပေမဲ့လည်း‌ ပေးလိုတဲ့ သတင်းစကားက‌တော့ ရှင်းလင်းပြတ်သားလှပါတယ်။

မဲခေါင်မြစ်ဝှမ်းက ရပ်ရွာလူထုတွေဟာ ကမ္ဘာလုံးဆိုင်ရာ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေမှာ မရှိမဖြစ် လိုအပ်နေတဲ့ သတ္ထု ထုတ်လုပ်ရေးအတွက် ‘စတေးခံနယ်မြေ (Sacrifice Zone) မဖြစ်လိုဘူးလို့ ငြင်းဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013