
“စစ်မဖြစ်တော့ရင် အေးချမ်းသွားမယ်… စစ်မဖြစ်ကြပါနဲ့… စစ်မဖြစ်တော့ရင်… အလင်းတခု တွေ့မှာမို့…”
ဒါကတော့ တေးရေး ကောင်းဇော်က ရေးစပ်ပြီး တေးသံရှင် ထက်နေကြည် သီဆိုထားခဲ့တဲ့ “စစ်မဖြစ်နဲ့”အမည်ရတဲ့ သီချင်းထဲက စာသားတွေ ဖြစ်ပါတယ်။
ဒီတခါမှာတော့ အဲဒီသီချင်းကို The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ နောက်ဆုံးအဆင့်ထိ တက်လှမ်းနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် တေးသံရှင်တွေ သီဆိုမှုနဲ့အတူ ရှုစားကြရမှာ ပါ။
“အဖြူခံ ရိုးသားကြတဲ့ ကလေးတွေ… ဘာအပြစ်ရှိလို့လဲ… လူသားအချင်းချင်း ပစ်မှတ်ထားတာ… ဘာအကျိုးရှိလို့လဲ… ဖြေပါ မေးခွန်းများစွာထဲ…”
The Voice Myanmar သီချင်းဆိုပြိုင်ပွဲဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပခဲ့တဲ့ ပြိုင်ပွဲတခုလည်း ဖြစ်ကာ ထူးခြားကောင်းမွန်တဲ့ အသံပါရမီရှင်တွေလည်း ထွက်ပေါ်လာခဲ့တာမို့ ပရိသတ် စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ ပြိုင်ပွဲတခုလည်း ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာတော့ Winner ဆုကို တေးသံရှင် ငွေစိုးက ရရှိခဲ့ပြီး သူဟာ ဆုကြေးငွေ ကျပ်သိန်း ၂၀၀ အပြင်၊ Universal Studio နဲ့အတူ တေးသီချင်းပြုလုပ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
ဒီသီချင်းအမ်တီဗွီထဲမှာတော့ ငွေစိုး မပါဝင်ဘဲ ပြိုင်ပွဲမှာ နောက်ဆုံးအဆင့်ထိ တက်လှမ်းနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေ စုပေါင်းသီဆိုထားကြတာ ဖြစ်ပါတယ်။
Hexa Voice အမည်ရတဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ဒီသီချင်းကို မျှဝေထားခဲ့တာဖြစ်ပြီး ခုလို ရေးသားဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။
‘စစ်ကြောင့်
ပြိုကွဲရတဲ့မိသားစုတွေ
စစ်ကြောင့်
မိဘမဲ့ခဲ့ရတဲ့ခလေးတွေ
စစ်ကြောင့်
ကြေမွခဲ့ရတဲ့နယ်မြေလေးတွေ
စစ်ကြောင့်
နာကျည်းခဲ့ရတဲ့နှလုံးသားနုနုလေးတွေ......
အတွက်
ကျနော်တို့ မောင်နှမတွေရဲ့ ခံစားချက်တွေအပြည့်နဲ့ သီဆိုထားတဲ့
'စစ်မဖြစ်နဲ့' ငြိမ်းချမ်းရေး သီချင်း(Cover) လေးကို နားဆင်ခံစား ထပ်တူကျခဲ့တယ်ဆိုရင်
အားလုံးအတွက် Shareပေးနိုင်ပါတယ်ဗျာ’
'စစ်မဖြစ်တော့ရင် ငြိမ်းချမ်းသွားမယ် စစ်မဖြစ်ကြပါနဲ့'
'စစ်ပွဲတွေရပ်ဖို့ ဒီသီချင်းလေးနဲ့ တစ်ထောင့်တစ်နေရာကနေ နှိုးဆော်လိုက်ရပါတယ်'
ရုပ်သံ- Art Historic / Hexa Voice ဖေ့စ်ဘွတ်ခ်










