DVB Logo
Home
မြန်မာသတင်း
မိုင်းပန်မြို့နယ်တွင် လူငယ်များကို RCSS/SSA က တပ်သားသစ်အဖြစ် စုဆောင်းနေ
DVB
·
July 18, 2018
မိုင်းပန်မြို့နယ်တွင် လူငယ်များကို RCSS/SSA က တပ်သားသစ်အဖြစ် စုဆောင်းနေ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ကွန်ကတ်ကျေးရွာက ဒေသခံ အန်အယ်လ်ဒီ ပါတီဝင်လူငယ် ၄ ဦးအပါအဝင် တခြားလူငယ်တချို့ကို  ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့က လူသစ် စုဆောင်းတဲ့အနေနဲ့ ခေါ်ယူသွားတယ်လို့ လင်းခေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအောင်မြတ်စိုးက ပြောပါတယ်။

ဇူလိုင် ၁၄ ရက်နေ့က ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ပါတီဝင် လူငယ် ၄ ဦးကို ပြန်လွှတ်ပေးဖို့ ဗိုလ်ချုပ်ကြီး ရွက်ဆစ်ဆီကို စာတင်ထားတယ်လို့ ဦးအောင်မြတ်စိုးက ပြောပါတယ်။

“၁၄ ရက်နေ့ မနက်က ဆင့်ခေါ်ခံရတာ။ အဲဒီလူငယ် ၄ ယောက်က ကုန်းကတ်ကျေးရွာက ၂ ယောက်၊  ရပ်ကွက် ၁၁ က ၁ယောက်၊ ရပ်ကွက် ၁၂ က တယောက်ပေါ့။ သူတို့ကို တပ်သားအဖြစ် စုဆောင်းတာပေါ့၊ စစ်မှုထမ်းခိုင်းတာပေါ့”

အန်အယ်ဒီလူငယ် ၄ ဦး အပါအဝင် တခြားကျေးရွာက လူငယ် ၅၀ လောက်လည်း အခုလို စုဆောင်းခံရတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီလိုစုဆောင်းခံရတာနဲ့ပတ်သက်လို့ အန်အယ်လ်ဒီဘက်က စာတင်ထားတာကို ဒီကနေ့ RCSS ဘက်က အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်လို့ ပြောဆိုကြောင်းလည်း ဦးအောင်မြတ်စိုးက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးစိုင်းဦးကတော့ သူတို့အနေနဲ့ တပ်သားသစ် စုဆောင်းတာ မဟုတ်ကြောင်း ပြောပါတယ်။

“ကျနော်တို့ တပ်သားသစ် စုဆောင်းခြင်း မရှိပါဘူးဗျာ။ ကျနော်တို့ အဲဒီမှာက ဘယ်လိုလဲဆိုရင် မူးယစ်ဆေးစွဲနေတဲ့လူတွေကို မူးယစ်ဆေးဖြတ်ပေးတာတွေတော့ ရှိတယ်။ အသိပညာပေးတာတွေ၊ မူးယစ်ဆေးစွဲတဲ့ လူငယ်တွေကို ခေါ်ယူပြီးတော့ ဖြတ်ပေးတာပေါ့နော်။  အန်အယ်လ်ဒီ လူငယ် ၄ ဦး ဆိုတာလည်း မဟုတ်ပါဘူး။ ”

RCSS/SSA ဟာ အစိုးရနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာအုပ်စုအတွင်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013