
ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်အောင် အာဂျင်တီးနားအသင်းကို ဦးဆောင်ပေးခဲ့တဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ အသက် ၃၉ နှစ်အရွယ်မှာ နိုင်ငံလက်ရွေးစင်ဘောလုံးသမားအဖြစ်ကနေ အနားယူကြောင်း ကြေညာလိုက်ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ပွဲအများဆုံးကစားထားသူနဲ့ ဂိုးအများဆုံးသွင်းယူထား သူအဖြစ် မှတ်တမ်းဝင်ကျန်ရစ်ခဲ့ပြီး သြဂုတ် ၈ ရက်နေ့က ဖခင်ဖြစ်သူ ဂျော့ချ် ကွယ်လွန်သွားခဲ့မှုက လက်ရွေးစင်အသင်းကနေ အနားယူဖို့ အဆုံးအဖြတ်ကိ ပိုမိုခိုင်မာစေခဲ့တယ်လို့ မက်ဆီက ပြောပါတယ်။
ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၈ ကြိမ်တိုင် ရရှိထားတဲ့ မက်ဆီဟာ ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းဗိုလ်စွဲအောင် အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့သလို အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲထိရောက်ရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၁ နဲ့ ၂၀၂၄ ခုနှစ်တွေမှာလည်း ကိုပါအမေရိကဖလားကို ၂ ကြိမ်တိုင် ဆွတ်ခူးပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့တဲ့အချိန်ကနေ အခုအနားယူချိန်အထိ လက်ရွေးစင်ကစားသမားဘဝ ၂၁ နှစ် အတွင်း နိုင်ငံအတွက် ၂၀၇ ပွဲကစားခဲ့ပြီး ၁၂၅ ဂိုး စံချိန်တင် သွင်းယူပေးခဲ့တဲ့ အမွေအနှစ်ကို ချန်ရစ်ခဲ့ပါတယ်။ အာဂျင်တီးနားဘောလုံးသမိုင်းမှာ သူ့ထက် ပွဲပိုမိုကစားနိုင်ခဲ့သူနဲ့ ဂိုးပိုမိုသွင်းယူနိုင်ခဲ့သူလည်း မရှိသေးပါဘူး။
အခုလို အနားယူဖို့ဆုံးဖြတ်ချက်ကို အင်စတာဂရမ်လူမှုကွန်ရက်ကနေ ကြေညာချက်ထုတ်ပြန်ကာ အတည်ပြုလိုက်တာဖြစ်ပြီး ဒီစာကို ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာရှုံးနိမ့်ခဲ့ပြီးနောက် ၂ ရက်အကြာ ဇူလိုင် ၂၁ ရက်ကတည်းက ရေးသားထားခဲ့တာဖြစ်ပြီး အခုမှ ပို့စ်တင်ခဲ့တာလို့ သိရပါတယ်။
ဇူလိုင် ၁၉ ရက် ဗိုလ်လုပွဲမှာ အာဂျင်တီးနားဟာ စပိန်အသင်းကို အပိုချိန်မှာ ဖာရန်တောရက်စ် သွင်းယူခဲ့တဲ့ ဂိုးနဲ့ ၁ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကို လက်လွှတ်ခဲ့ရတာပါ။
နောက်ထပ်လာမဲ့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပချိန်မှာ မက်ဆီဟာ အသက် ၄၃ နှစ်သို့ ရောက်ရှိမှာဖြစ်ပြီး ဒီပြိုင်ပွဲဟာ မက်ဆီရဲ့ နောက်ဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်မှုဖြစ်လာမယ်လို့ သူ့ရဲ့ ပရိသတ်တွေက မျှော်လင့်ထားခဲ့ကြတာပါ။ ဒါပေမဲ့ လက်ရွေးစင်ကစားသမားအဖြစ်ကနေ အနားယူသွားပြီဖြစ်လို့ မက်ဆီကို ကမ္ဘာ့ဖလားပြိုင်ပွဲ မြက်ခင်းစိမ်းမှာ မြင်တွေ့ရမှာ မဟုတ်ပါဘူး။
အနားယူတဲ့အကြောင်း ထုတ်ပြန်ချက်မှာတော့ မက်ဆီက "ဗိုလ်လုပွဲပြီးကတည်းက အချိန်တခုကြာအောင် သေချာစဉ်းစားပြီးတဲ့နောက် ကျနော် နိုင်ငံအသင်းကနေ အနားယူတော့မယ်ဆိုတာ လူတိုင်းကို အသိပေးချင်ပါတယ်။ ဒါဟာ အင်မတန်နာကျင်ရတဲ့ - ရင်ထဲမှာ အခုထိ နာကျင်နေဆဲဖြစ်တဲ့ - ဆုံးဖြတ်ချက်တခုပါ၊ ဒါပေမဲ့ အချိန်တန်ပြီဆိုတာ ကျနော် နားလည်ပါတယ်။ ကျနော် အမြဲတမ်း အစွမ်းကုန် ပေးဆပ်ခဲ့ပါတယ်ဆိုတာ ကျနော် တိုင်တည်ရဲပါတယ်။ ငါတို့ အရာအားလုံးကို အနိုင်ရခဲ့တဲ့ ဒီနောက်ပိုင်းနှစ်တွေတင် မကပါဘူး၊ အဲ့ဒီမတိုင်ခင်ကတည်းကပါ၊ ဒီဂျာစီအတွက်၊ အဖေတို့၊ အမေတို့ (ပရိသတ်တွေ) ကို ပျော်ရွှင်မှုပေးဖို့နဲ့ ဘောလုံးအားဖြင့် အာဂျင်တီးနားလူမျိုးဖြစ်ရတာကို ဂုဏ်ယူဝင့်ကြွားစေဖို့အတွက် ကွင်းထဲမှာ အမြဲတမ်း တိုက်ပွဲဝင်ခဲ့ပြီး အရာရာကို ပေးဆပ်ခဲ့တာပါ။ အချိန်တွေက ကုန်လွန်နေပြီ၊ အခန်းကဏ္ဍတွေ ကလည်း ပြီးဆုံးရတော့မယ်၊ ဒါဟာ ကျနော့်ကို အင်မတန် နာကျင်စေတဲ့ အခန်းကဏ္ဍတခုပါ”လို့ ရေးထားပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ အရာအားလုံး ပေးဆပ်ခဲ့ပြီးဖြစ်ကြောင်းနဲ့ ပရိသတ်တွေ၊ မိသားစု၊ နည်းပြတွေနဲ့ အသင်းဖော်တွေကို ကျေးဇူးတင်တဲ့အကြောင်း မက်ဆီက ရေးသားထားပါတယ်။
“နိုင်ငံအသင်းရဲ့ အစိတ်အပိုင်းတခုဖြစ်ရတာကို ကျနော် ချစ်တယ်၊ ချစ်ခဲ့တယ်၊ အမြဲတမ်းလည်း ချစ်နေတော့မှာပါ။ ကျနော့်မှာရှိသမျှ အရာအားလုံး ပေးဆပ်ခဲ့ပြီးပါပြီ၊ ပေးဆပ်စရာ ဘာမှမကျန်တော့ပါဘူး၊ ဒါ့အပြင် ဒီမှာရှိနေဖို့ ထိုက်တန်တဲ့ အနာဂတ်ရှိတဲ့ လူငယ်ကစားသမားကောင်းတွေလည်း ထွက်ပေါ်လို့လာနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကတည်းက အချစ်တွေအများကြီး ပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကွင်းထဲကနေ ပရိသတ်တွေရဲ့ အသံကို ကြားရတာကို အများကြီး လွမ်းနေရတော့မှာပါ။ အခုဆိုရင် ကျနော်ဟာ ပရိသတ်တွေထဲက တယောက်အဖြစ် ပြင်ပကနေပဲ (ကောင်းသောအချိန်မှာရော၊ ခက်ခဲသောအချိန်မှာပါ - အထူးသဖြင့် ခက်ခဲတဲ့အချိန်တွေမှာ) အားပေးထောက်ခံ သွားတော့မှာပါ။ ကျနော့်ဘေးမှာ အမြဲရှိပေးခဲ့လို့၊ အင်မတန် လှပပေမဲ့ အရမ်းခက်ခဲတဲ့ ဒီခရီးလမ်းမှာ အတူလိုက်ပါပေးခဲ့တဲ့ ကျနော့်မိသားစုကို ကျေးဇူးတင်ပါတယ်။ ဒီခရီးလမ်းကို အတူတူ လျှောက်လှမ်းခဲ့ကြတဲ့ နည်းပြတွေ၊ အသင်းဖော်တွေနဲ့ တာဝန်ရှိသူတွေ အယောက်စီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ မေ့မရနိုင်တဲ့ အမှတ်တရတွေနဲ့ စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်တွေကို ကျနော်နဲ့အတူ ယူဆောင်သွားပါတော့မယ်။ တချိန်က အိမ်မက်ပဲ မက်ခဲ့ရတဲ့ အခိုက်အတန့်တွေကို အသင်းဖော်တွေနဲ့အတူပရိသတ်တွေကို ပေးဆပ်နိုင်ခဲ့ပြီဆိုတဲ့ စိတ်အေးချမ်းမှု၊ ဂုဏ်ယူမှုတွေနဲ့အတူ ကျနော် ထွက်ခွာသွားပါတယ်။ ဒါတွေကို ပရိသတ်တို့နဲ့အတူ ဖြတ်သန်းခွင့်ရခဲ့တာဟာ မယုံနိုင်စရာ ကောင်းလွန်းတဲ့ အတွေ့အကြုံပါပဲ။ အားလုံးကို ချစ်ပါတယ်။ကျနော့်ကို အာဂျင်တီးနားလူမျိုး ဖြစ်စေခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ရှေ့သို့ချီတက်ကြစို့ အာဂျင်တီးနား !။”
မက်ဆီဟာ နိုင်ငံအသင်းလက်ရွေးစင်ကစားသမားအဖြစ်ကနေ အနားယူသွားပြီဖြစ်ပေမဲ့ သူ့ကစားနေတဲ့ ကလပ်အသင်းဖြစ်တဲ့ အမေရိကန်မေဂျာလိဂ်(MLS)က အင်တာမီယာမီ အသင်းမှာတော့ ပုံမှန်အတိုင်း ဆက်ရှိနေမှာဖြစ်ပါတယ်။
Source: Sky Sports











