DVB Logo
Home
မြန်မာသတင်း
စုံ၊ မ စနစ် ဖျက်သိမ်းပေးရန် ယာဉ်မောင်းများ အလိုရှိ 
ဝေဝေ
·
May 13, 2026
Photo: DVB
Photo: DVB
Donate to DVB

စက်သုံးဆီ အသုံးပြုမှုကို လျှော့ချဖို့ စစ်အာဏာရှင်အစိုးရက စီမံဆောင်ရွက်လိုက်တဲ့ စုံရက်၊ မ ရက် စနစ်နဲ့ ဆီထုတ်ပေးတဲ့စနစ်ဟာ ၂ လကျော် ကြာလာချိန်မှာတော့ အဆင်မပြေတာတွေ များတာကြောင့် ဖျက်သိမ်းစေလိုတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

အီရန်စစ်ပွဲ ဖြစ်ပြီးနောက် လောင်စာဆီ ရှားပါးပြတ်လပ်မှုနဲ့ ကြုံနေရတာကြောင့်  စက်သုံးဆီ အသုံးပြုမှုကို လျှော့ချဖို့အတွက် မတ် ၇ ရက်မှာ စတင်ကျင့်သုံးခဲ့တဲ့  စုံ မ စနစ်ကို ဖျက်သိမ်းဖို့ ယာဉ်မောင်းတွေက လိုလားနေကြပါတယ်။

QR စကန်ဖတ်ပြီး စက်သုံးဆီ ရောင်းချပေးတဲ့စနစ်ကို အထောက်အပံ့ ဖြစ်စေဖို့အတွက် ကိုယ်ပိုင်ယာဉ်တွေကို စုံ မ ခွဲကာ ထွက်စေတဲ့စနစ်ကို ဆက်လက်ကျင့်သုံးနေတာဖြစ်ပြီး ၂ လကျော် ကြာလာချိန်မှာတော့ QR စနစ်နဲ့ တပတ်ကို ၂ ကြိမ်သာ ဆီရောင်းချပေးတာကြောင့် ဆီဆိုင်တွေမှာ အချိန်ကြာမြင့်အောင် တန်းစီစောင့်ဆိုင်းရတာတွေ မရှိလို့ စုံ မ စနစ်ကို ယာဉ်မောင်းအများစုက ဖျက်သိမ်းစေလိုတာ ဖြစ်ပါတယ်။

ကိုယ်ပိုင်ကားမောင်းသူတယောက်က “စုံ မ စနစ်က ၂ လကျော်လောက် ဖြစ်လာပေမဲ့လည်း မဖျက်သိမ်းသေးဘူးဗျ။ အကျုံးဝင်နေဆဲပဲပေါ့နော်။ သူတို့ ဖမ်းတယ်။ ကျနော်တို့ မထွက်ရတဲ့နေ့မှာ ထွက်ဖြစ်တယ်ဆိုရင် ဒဏ်ဆောင်ရတယ်။ စာရွက်စာတမ်း ဘယ်လောက်ပဲပါပါ သူတို့ မရဘူးဗျာ။ ဆီကတော့ ကျနော်တို့ တပတ်ကို ၂ ရက် စနစ်နဲ့ ပေးတယ်။ Limit နဲ့ ကိုတာနဲ့ ပေးပြီးတော့ ဒီ စုံ မ ကျတော့ မဖျက်ဘဲနဲ့ ထားထားတာကတော့ ယဉ်ထိန်းရဲတွေရဲ့ လုပ်စားဖို့ အခွင့်အရေး ပေးထားသလိုမျိုးလို့ ကျနော်ထင်တယ်ဗျ။ စုံ မ စနစ်ကတော့ ကျနော်တို့က ဖျက်သိမ်းစေချင်တာပေါ့နော်။ အလုပ်ရှုပ်လို့ဗျာ။ ဒီ စုံဆို စုံနေ့ထွက်၊ မဆို မနေ့ထွက် ဆိုတာ အလုပ်မှမဟုတ်တာ။ ပြီးတော့ အဓိက ကျနော်တို့ သူတို့ဆီမှာ ဆီကို နေ့တိုင်း သွားတိုးပြီးတော့ မဝယ်ဘဲနဲ့ ကိုယ့်ဘာသာကိုယ် အဆင်ပြေအောင် သုံးနေတယ်ဆိုရင် သူတို့ပေးထွက်ရမှာပဲလေ၊ ဟုတ်တယ်မလား” လို့ ပြောပါတယ်။

စတင်ကြေညာခဲ့စဉ်တုန်းကတော့ အိမ်စီးယာဉ်တွေ၊ လုပ်ငန်းသုံးယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေသာ အကျုံးဝင်တယ်လို့ ပါရှိပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်၊ အငှားယာဉ် (တက္ကစီ)၊ စက်သုံးဆီ သယ်ယူပို့ဆောင်တဲ့ယာဉ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်၊ ကုန်စည်ပို့ဆောင်ရေးယာဉ်၊ လူနာတင်ယာဉ်/ နိဗ္ဗာန်ယာဉ်နဲ့ အမှိုက်သိမ်းယာဉ်တွေတော့ မပါဝင်ပါဘူး။

ဒါ့အပြင် EV မော်တော်ယာဉ်နဲ့ EV ဆိုင်ကယ်တွေကတော နေ့စဉ် မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။ ပထမကြေညာချက် ထုတ်ပြန်အပြီး သိပ်မကြာခင်မှာတော့ လုပ်ငန်းသုံးယာဉ်တွေနဲ့ ကျောင်းကားတွေကတော့ ထောက်ခံစာပါရင် မောင်းနှင်ခွင့်ရသလို ဆီဖြည့်ခွင့်လည်း ရမယ်လို့ ထပ်မံထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကျောင်းကားတွေနဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်းသုံးယာဉ်တွေဟာ စုံရက် မရက် ခွဲစရာမလိုဘဲ ထောက်ခံစာနဲ့ မောင်းနှင်ခွင့်ရမယ်လို့ ဆိုထားပေမဲ့ မြေပြင်မှာတော့ ထောက်ခံစာပါရှိလည်း ဖမ်းဆီးစစ်ဆေးခံရတာ၊ ဒဏ်ငွေဆောင်ရတာတွေ ရှိနေကြောင်း သိရပါတယ်။

ကုမ္ပဏီကားမောင်းသူတယောက်က “ဒီ စုံ မ စနစ်နဲ့ကတော့ ဖျက်ရင်တော့ ကောင်းတာပေါ့။ ကုမ္ပဏီ တချို့ကျ တစီးပဲ ရှိတာပေါ့နော်။ အဲဒီလို တစီးပဲရှိတဲ့ ကုမ္ပဏီတွေ ဆိုရင်လည်း တိုင်ပတ်တာပဲ။ တစီးက စုံဂဏန်းဆို စုံပဲထွက်၊ မ ဂဏန်းဆို မ ပဲထွက်ဆိုတော့ ကျန်တဲ့ရက်ကျတော့ ဒုက္ခတွေ ရောက်တာပေါ့။ ကုန်ကျစရိတ်တွေ တက်လာတာပေါ့။ ဒီကြားထဲ လုပ်ငန်းလိုင်စင်ရှိလည်း ဖမ်းဆီးနေတာ။ မဝတတို့၊ စုံညီအဖွဲ့ပေါ့၊ ရဲတို့၊ စစ်တပ်တို့ အဲဒါတွေပါရင်တော့ ခက်တယ်။ အဲဒါပေမဲ့ ဒဏ်ကြေးကတော့ ကျပ် ၃၀,၀၀၀ ပေါ့” လို့ ပြောပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာတော့ စုံ မ စနစ်ကို ပြောင်းလဲလိုက်ပြီ ဆိုတာမျိုးတွေ ပျံ့နှံ့နေပေမဲ့ လက်တွေ့ မှာတော့ ဖျက်သိမ်းတာမရှိသေးဘဲ အဖမ်းအဆီးတွေ ပိုများလာကြောင်း သိရပါတယ်။

လက်ရှိအခြေအနေအရ ကားတွေကို စုံရက်၊ မရက် စနစ်နဲ့ မောင်းနှင်ခွင့်ပြုထားသလို စက်သုံးဆီ ရောင်းချပေးတာကိုလည်း ကန့်သတ်လိုက်တာကြောင့် အခြေအနေတွေကောင်းလာပြီး အရှေ့အလယ်ပိုင်းစစ်ပွဲ ပုံမှန်ပြန်မဖြစ်မချင်း စုံ၊ မ စနစ်ကို ဖြေလျှော့ဖို့ မလုပ်နိုင်သေးကြောင်း စစ်အဏာရှင်ခန့် ဟိုတယ်၊ ခရီးသွားလာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးမောင်မြင့်က သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013