
ရခိုင်ပြည်နယ်ကနေ ရန်ကုန်မြို့မှာ ရွှေ့ပြောင်းနေထိုင်ပြီး စစ်ဘေးရှောင်နေကြတဲ့ ရခိုင်လူငယ်တွေ ဒီနှစ်ထဲမှာ ပျောက်ဆုံးတာ များလာတယ်လို့ ရခိုင်အမျိုးသားကွန်ရက်ကနေ သိရပါတယ်။
ရခိုင်ပြည်နယ်က မြို့တွေကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ဖို့ ထိုးစစ်ဆင်ကတည်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ရန်ကုန်မြို့မှာ စစ်ရှောင်နေကြတဲ့ ရခိုင်တိုင်းရင်းသားတွေ ၃ သိန်းလောက် ရှိတယ်လို့ ရခိုင်အမျိုးသားကွန်ရက်က ခန့်မှန်းပါတယ်။
အဲဒီထဲက လူငယ်ပိုင်းတွေ ဒီနှစ်ထဲမှာ ပျောက်ဆုံးတာတွေ ရှိနေတာပါ။ ပျောက်ဆုံးနေသူတွေထဲမှာ ဘေးတွဲဆိုင်ကယ် မောင်းနှင်သူ အသက် ၃၂ နှစ်အရွယ် ကိုနေလင်းဆန်းလည်း ပါပါတယ်။ သူဟာ ဇနီးဖြစ်သူ မနန္ဒာနဲ့ ရွှေပြည်သာမှာ နေထိုင်သူဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းမှာ အမျိုးသမီး ၂ ယောက်က တက္ကစီအဖြူရောင်တစီးနဲ့ ရောက်လာပြီး အလုပ်ကိစ္စအကြောင်းပြ ခေါ်ဆောင်သွားပြီးနောက် အဆက်အသွယ်ပြတ်ပြီး ပျောက်သွားတာလို့ သူ့ဇနီးသည်က ပြောပြပါတယ်။
“ပတ္တမြားဈေးထဲမှာ ဘေးတွဲမောင်းတာ၊ ဗုဒ္ဓဟူးနေ့လေ၊ ၂ လပိုင်း ၂၅ ရက်နေ့က မနက် ၈ နာရီခွဲ ၉ နာရီလောက်က မိန်းကလေး ၂ ယောက်က တက္ကစီနဲ့ လာခေါ်သွားတာတဲ့။ တယောက်က အသက် ၃၀ ကျော်လောက်ရှိတယ်၊ နောက်တယောက်ကတော့ ၂၀ ကျော်လောက်ရှိတယ်တဲ့၊ သူက ဘေးတွဲ ပေါ်မှာ ထိုင်ပြီးတော့ ဂိမ်းဆော့နေတာတဲ့၊ အမျိုးသားကလေ၊ ၂၀ ကျော်ရှိတဲ့ မိန်းကလေး တယောက်က သူ့ကိုလာခေါ်တာ ပြောတယ်။ မြောက်ဥက္ကလာမှာပေါ့နော်၊ တယောက်ကို ပိုက်ဆံ ၅ သောင်း ရမယ်ပေါ့နော်၊ ၂ နာရီလောက်ကြာမယ်တဲ့၊ အဲ့လိုခေါ်သွားတာ၊ အဲဒါနဲ့ သူက ပါသွားတယ်၊ နောက်တယောက်လည်း ပါသွားတယ်။ အဲဒီနေ့ကတည်းက အခုထိ အဆက်အသွယ် မရသေးဘူးလေ၊ ဘာအဆက်အသွယ်မှ မရသေးဘူး။”
ကိုနေလင်းဆန်း ပျောက်တာနဲ့ ပတ်သက်ပြီး မနန္ဒာက ရခိုင်အမျိုးသားကွန်ရက်ကို အကူအညီ တောင်းထားပါတယ်။ ဒါပေမဲ့ လူပျောက်ရှာနေတာ သူတယောက်တည်း မဟုတ်ပါဘူး။
ဒီ ၂၀၂၆ ခုနှစ်ထဲမှာ ရခိုင်က စစ်ရှောင်လာသူတွေ ပျောက်ဆုံးလို့ ရခိုင်အမျိုးသားကွန်ရက်ဆီမှာ အကူအညီတောင်းတာ ၈ မှုလောက်ရှိပြီလို့ အဲဒီကွန်ရက်ရဲ့ ဥပဒေအဖွဲ့က ကိုကျော်စိုးနိုင်ဆီက သိရပါတယ်။
ကိုနေလင်းဆန်း ပျောက်ဆုံးသွားတဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလထဲမှာတင် ပျောက်ဆုံးသွားသူ စုစုပေါင်း ၃ ယောက် ရှိပါတယ်။
အလုပ်ကအပြန်မှာ ပျောက်ဆုံးသွားတဲ့ အသက် ၂၇ နှစ်အရွယ် မခင်လပြည့်ဝင်း၊ နေအိမ်ရှေ့ကနေ ပျောက်ဆုံးသွားတဲ့ အသက် ၁၆ နှစ်အရွယ် မမိုးယုမြင့်နဲ့ ကိုနေလင်းဆန်းတို့ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဒီ ၂၀၂၆ ခုနှစ်မှာ စစ်ရှောင်တွေ စပြီး ပျောက်ဆုံးတာ မဟုတ်ပါဘူး။ ၂၀၂၅ ခုနှစ် ဇွန်လလောက်ကစပြီး စစ်ဘေးရှောင် ရခိုင်တိုင်းရင်းသားတွေ ပျောက်ဆုံးမှုတွေ ဖြစ်လာတာဖြစ်ပြီး ဒီနှစ်ဆန်းမှာ ပိုများလာတာလို့ ရခိုင်အမျိုးသားကွန်ရက်ရဲ့ ဥပဒေအဖွဲ့ထဲက ရှေ့နေ ဦးကျော်စိုးနိုင်က ပြောပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာ မောင်ပြည်စိုး၊ မောင်ဆန်းလွင်ဖြိုးနဲ့ မောင်ဇင်မျိုးလှိုင်၊ Grade 12 ကျောင်းသူ မဆုရတနာအောင်တို့ ၄ ယောက် ပျောက်ဆုံးခဲ့ပြီး အဲဒီထဲ မောင်ဇင်မျိုးလှိုင် တယောက်ကိုသာ ၂၀၂၆ ခုနှစ် ဧပြီလမှာ ပြန်တွေ့ခဲ့ပါတယ်။
ရခိုင်ကနေ စစ်ဘေးရှောင်ပြီး ရွှေ့ပြောင်းနေထိုင်နေကြတဲ့ ရခိုင်လူမျိုး လူငယ်တွေအနေနဲ့ တနယ်တကျေးမှာ စားဝတ်နေရေးအတွက် အလုပ်အကိုင် ရှာကြတဲ့အခါ အယုံမလွယ်ကြဖို့လည်း ဦးကျော်စိုးနိုင်က သတိပေးပါတယ်။
“သွားတာ လာတာ နည်းနည်း ဂရုစိုက်ကြပေါ့နော်။ ယောက်ျားလေးတွေဆိုရင်လည်း ၉ နာရီ ၁၀ နာရီ အပြင်မထွက်ကြဖို့၊ ရခိုင်ကလာတဲ့ ကောင်လေးတွေ ဆိုရင်လည်း သိတဲ့အတိုင်းပဲ သူတို့ကလည်း တနယ်တကျေးမှာ လာပြီးတော့ စစ်ဘေးရှောင်နေရတဲ့ လူတွေများတော့၊ အကုန်လုံးကတော့ အဲဒီလိုမျိုး မသွားကြဖို့၊ ပြီးရင် အယုံမလွယ်ကြဖို့ပေါ့နော်၊ မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေး ဖြစ်ဖြစ် အသွားအလာ ဆင်ခြင်ကြဖို့၊ ဒါလေးတော့ နည်းနည်း မှာချင်တာပေါ့နော်။ လက်ရှိ အစ်ကိုတို့ဆီရော ရခိုင်အမျိုးသားကွန်ရက်ရော အစ်ကို့ဆီကို personal က လာပြီးတော့ အကူအညီ တောင်းတဲ့လူက လက်ရှိက ၁၁ ယောက်လောက်တော့ ရှိတယ်။ ကြားထဲမှာ လာပြီးတော့ ဆက်သွယ်တဲ့ လူတွေလည်း တပုံကြီးရှိတယ်။ တချို့က အစ်ကိုတို့ကလည်း နိုင်တဲ့အားနဲ့ လုပ်နေရတာ ဆိုတော့ အကုန်လုံးတော့ လိုက်ပြီးတော့ မလုပ်ပေးနိုင်ဘူးပေါ့နော်။”
ရွှေပြည်သာမှာ ပျောက်ဆုံးသွားတဲ့ ကိုနေလင်းဆန်းနဲ့ ဇနီးသည်တို့ဟာ အိမ်ထောင်သက်တမ်း ၃ နှစ်ကျော်ပဲ ရှိသေးသလို ၂၀၂၅ ခုနှစ်ကမှ နှစ်ယောက်တည်း ရန်ကုန်ကို ရွှေ့ပြောင်းလာခဲ့ကြတာပါ။
ရန်ကုန်မှာ ဆွေမျိုးသားချင်းလည်း မရှိသလို ခင်ပွန်းသည်က ဘေးတွဲမောင်းပြီး ဇနီးဖြစ်သူကတော့ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ အခုတော့ မနန္ဒာ တယောက်တည်း တနယ်တကျေးမှာ ရုန်းကန်နေရရှာပါတယ်။
တဖက်မှာ ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေရသလို တဖက်မှာလည်း ခင်ပွန်းသည် ပျောက်ဆုံးသွားပြီး ဘာသတင်းမှ မကြားရသေးတဲ့အတွက်လည်း မနန္ဒာတယောက် စိတ်ပူပန် နေပါတယ်။
ပျောက်ဆုံးနေသူ ကိုနေလင်းဆန်းရဲ့ဇနီး မနန္ဒာက “အခုဆို ၃ လပြည့်တော့မယ်လေ၊ သူပြန်ရောက်ရင် ကျေနပ်ပြီ အဲဒါပဲ၊ သူပြန်ရောက်စေချင်တာ တခုပဲ” လို့ ပြောပါတယ်။
မြတ်သဇင်










