၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းက ကိုလံဘီယာအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ (၄-၃) ဂိုးနဲ့ နိုင်ရပြီး ကွာတားဖိုင်နယ် တက်ရောက် သွားပါတယ်။
ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့၊ ဘီစီပလေ့စ်ကွင်းမှာ ဒေသစံတော်ချိန် ဇူလိုင် ၇ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ပုံမှန် ပွဲချိန် မိနစ် ၉၀ အထိ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျနေလို့ အချိန်ပို နာရီဝက်ဆက်လက်ကစားခဲ့ကြရပြး မိနစ် ၁၂၀ ပြည့်တဲ့အထိ ဂိုးမသွင်းနိုင်လို့ ပင်နယ်တီ အဆုံးအဖြတ် ကန်ခဲ့ရတာဖြစ်ပါတယ်။
ပင်နယ်တီ ၅ လုံးစီကန်ရာမှာ ဆွစ်ဇာလန်အသင်းက ၄ ဂိုးဝင်ပြီး ကိုလံဘီယာ အသင်းကတော့ ၃ ဂိုးပဲဝင်တဲ့အတွက် ဆွစ်ဇာလန်အသင်းက နောက်တဆင့်ကွာတားဖိုင်နယ်ကို တက်ရောက်သွား တာပါ။
ဆွစ်ဇာလန် ဂိုးသမား ဂရီဂေါ် ကိုဘယ်ဟာ အသင်းအတွက် ပင်နယ်တီ ကာကွယ်ပေးခဲ့လို့ သူရဲကောင်း ဖြစ်သွားခဲ့ပါတယ်။ ကိုဘယ်က ကိုလံဘီယာ ကစားသမား ကူချို ဟာနန်ဒက်ဇ်ရဲ့ ပင်နယ်တီ ကန်သွင်းမှုကို လှပစွာ ကာကွယ်ခဲ့တာပါ။ သူ့ရဲ့ အံ့အားသင့်စရာ ကာကွယ်မှုကြောင့် ဆွစ်ဇာလန်တို ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အနိုင်ရသွားတဲ့ ဆွစ်ဇာလန်အသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနား အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ကိုလံဘီယာအသင်းကတော့ ပြိုင်ပွဲကနေ ထွက်သွားရပြီ ဖြစ်ပါတယ်။










