
ကမ္ဘောဒီးယားနိုင်ငံ ကန်ဒယ်ခရိုင်ရှိ ဝိဟာဆွာဘုရားကျောင်းမှာ အောက်တိုဘာ ၁၁ ရက်က ရိုးရာ ကျွဲနဲ့ မြင်းပြိုင်ပွဲတွေ ကျင်းပခဲ့ပြီး ရာနဲ့ချီတဲ့ ဒေသခံတွေ လာရောက်အားပေးခဲ့ကြပါတယ်။
ဒီပြိုင်ပွဲတွေကို ပချွမ်ဘင်လို့ခေါ်တဲ့ ကွယ်လွန်သူ ဘိုးဘွားတွေကို ရည်စူးကုသိုလ်ပြုတဲ့ ပွဲတော်ရဲ့ နောက်ဆုံးနေ့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်ပြိုင်ပွဲမှာ မြင်း ၂၈ ကောင်နဲ့ ကျွဲ ၂၆ ကောင် ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက်က စတင်ခဲ့တဲ့ ဒီပွဲတော်ဟာ နှစ်ပတ်ကြာမြင့်ပြီး ကမ္ဘောဒီးယား ပြည်သူတွေအတွက် အရေးပါတဲ့ ဘာသာရေးပွဲတော်တခု ဖြစ်ပါတယ်။
ပွဲတော်ကာလမှာ ကွယ်လွန်သူ ဘိုးဘွားတွေကို ရည်စူးပြီး သံဃာတော်တွေကို အစားအစာ၊ မုန့်၊ သောက်စရာတွေနဲ့ ငွေကြေးတွေ လှူဒါန်းကြပါတယ်။
ဒီနှစ်မှာတော့ ၂၀၂၅ ခုနှစ်က ထိုင်းတပ်တွေနဲ့ နယ်စပ်တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ ကမ္ဘောဒီးယား စစ်သားတွေ အတွက်ပါ ရည်စူးလှူဒါန်းခဲ့ကြပါတယ်။
ဒီပွဲတော်ဟာ ခမာနီအစိုးရလက်ထက်မှာ သေဆုံးခဲ့တဲ့ လူတသန်းကျော် အပါအဝင် ကွယ်လွန်သူတွေကို အောက်မေ့သတိရဖို့လည်း အရေးပါတဲ့ အခမ်းအနား ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော် ဖနွမ်းပင် အရှေ့မြောက်ဘက်မှာရှိတဲ့ ဝိဟာဆွာဘုရားကျောင်းဟာ ဆုတောင်းပြည့်တယ်လို့ ယုံကြည်ကြတဲ့ သမိုင်းဝင်ဘုရားကျောင်းလည်း ဖြစ်ပါတယ်။











