
ပြည်ပကနေ မြန်မာနိုင်ငံကို ပြန်လာတဲ့ ခွင့်ပြန်အလုပ်သမားတွေကို စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက စိစစ်တင်းကျပ်မှု အမျိုးမျိုးနဲ့ ပြည်ပထွက်ခွာခွင့် မချပေးတာကြောင့် အလုပ်သမားတွေဟာ အလုပ်ပြုတ်တဲ့အထိ အခက်အခဲမျိုးစုံ ကြုံနေရပါတယ်။
OWIC ကတ်နဲ့ အထောက်အထားအစုံ ရှိရင်တောင် ထွက်ခွာခွင့်မရတဲ့ အခြေအနေတွေလည်း ကြုံနေရတာပါ။
အထူးသဖြင့် ခွင့်ရက် တလကျော်ယူပြီး ပြန်လာတဲ့ အလုပ်သမားတွေကို ထွက်ခွာခွင့် မချပေးတာ ကြောင့် အလုပ်သမားတွေဟာ ပြည်တွင်းမှာ အချိန်တော်ကြာ ပြည်ပထွက်ခွာခွင့် စောင့်ဆိုင်း နေရတာပါ။
ဒါ့အပြင် အထောက်အထားအစုံရှိပြီး အမြန်ထွက်ခွာချင်သူတွေကတော့ လေဆိပ်ကနေ VIP လမ်းကြောင်းဆိုကာ ငွေကျပ် ၃၅ သိန်းကနေ သိန်း ၆၀ လောက်အထိ ပေးသွားနေရတယ်လို့ ဆိုပါတယ်။
ကိုယ်တိုင်ကြုံရသူတယောက်က “ခွင့်ပြန်တွေ OWIC လုပ်ဖို့ဆိုရင် အနည်းဆုံး ၂ လကနေ ၆ လ ကြာတယ်။ မလေးရှားဆို ၆ လ ကြာတယ်။ ဂျပန်၊ ထိုင်းဆိုရင် ၂ လ ကြာတယ်။ စင်ကာပူဆိုရင် ၄၊ ၅၊ ၆ လ ကြာမဲ့သဘောရှိတယ်။ အခုမှ ၁၂ လပိုင်းသမားတွေ ထွက်ခွင့်ရသေးတာ။ အခုလက်ရှိ အလုပ်လုပ်နေတဲ့ work permit မှာပါတဲ့ အလုပ်နဲ့ OWIC ကတ် နောက်ကျောမှာပါတဲ့ အလုပ်နဲ့ မတူတဲ့သူတွေ အများဆုံး ထွက်ခွာခွင့်မကျတာ။ လေဆိပ်ကတော့ ထွက်လို့ရလိုက်၊ မရလိုက်ဘဲ။ တခါတလေကျလည်း လေဆိပ်က တိုက်ရိုက်ထွက်လို့ရတယ်။ လမ်းကြောင်းတွေက ဈေးတော့ကြီးတယ်။ အနည်းဆုံး ၃၅ သိန်းကနေ တချို့ဆိုရင် သိန်း ၆၀ အထိ တောင်းတာ ရှိတယ်။ အဲ့လိုမှမဟုတ်ရင် ပြန်ထွက်မရဘူး ဖြစ်နေတာပေါ့” လို့ ပြောပါတယ်။
ခွင့်ပြန်လုပ်သားတွေကို ပြည်ပထွက်ခွာခွင့်နဲ့ ပတ်သက်လို့ စစ်တပ်ဩဇာခံ အလုပ်သမား ဝန်ကြီးဌာန က ကန့်သတ်ချက်တွေ တရားဝင်ထုတ်ပြန်တာ မရှိဘဲ ပြည်ပထွက်ခွင့် လျှောက်ထားသူတွေကို အကြောင်းအမျိုးမျိုးနဲ့ ကန့်သတ်တာကြောင့် ပယ်ချခံရတဲ့ အလုပ်သမား ရာနဲ့ချီ ရှိနေပါတယ်။
အခုလို ကန့်သတ်တာကြောင့် အလုပ်ရှင်ဘက်က စာချုပ်ဖျက်သိမ်းတာတွေ၊ အလုပ်သမားတွေ အလုပ်အကိုင် ဆုံးရှုံးတာတွေ ကြုံနေရပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့်လည်း အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ အလုပ်သမားတွေ ပြည်ပထွက်ခွင့် ချမပေးတော့ဘဲ နေရပ်ပြန် အလုပ်သမားတချို့ဟာ ပြည်တွင်းမှာ ပိတ်မိနေပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီ တာဝန်ရှိသူတယောက်က “အခု အလုပ်သမားဝန်ကြီးဌာနက မြန်မာနိုင်ငံသားတွေ ပြည်ပ အလုပ်ထွက်လုပ်ရတာ မခက် ခက်အောင် တမျိုးပြီးတမျိုး လုပ်နေတယ်လို့ မြင်မိပါတယ်။ အရင်က OWIC အဟောင်းနဲ့ နိုင်ငံမတူ၊ အလုပ်ရှင် မတူပေမဲ့ work visa/work permit ရှိရင် ပြည်ပထွက်ခွင့်လျှောက်ပြီး ထွက်လို့ရခဲ့ပေမဲ့ အခု OWIC အဟောင်းနဲ့ နိုင်ငံမတူ/အလုပ်ရှင် မတူရင် ထွက်ခွင့်မပေးဘူး။ အခုနောက်ဆုံး ကြားတာက အရှေ့အလယ်ပိုင်း နိုင်ငံတွေက ခွင့်ပြန် အလုပ်သမားတွေ ဒါမှမဟုတ် ခွင့် တလထက်ပိုတဲ့သူတွေကို ချမပေးတော့ဘူး။ အဲဒါကြောင့်ပဲ မြန်မာပြည်ကို ခွင့်နဲ့ပြန်လာတဲ့ အလုပ်သမားတွေ ခွင့်ရက်စေ့လို့ ပြည်ပကို အချိန်မီ ပြန်မထွက်ခွာနိုင်ဘဲ အလုပ်တွေ ပြုတ်ကုန်ကြတယ်။ ပြန်ထွက်မရတဲ့သူ တော်တော်များတယ်။ ရေရှည်မှာ ပြည်ပအလုပ်လုပ်သူတွေ မြန်မာကို ခွင့်နဲ့ ပြန်လာတာ နည်းသွားလိမ့်မယ်” လို့ ပြောပါတယ်။
ပြည်ပကနေ နေရပ်ပြန်လာတဲ့ အလုပ်သမားတွေဟာ မိသားစုနဲ့ တွေ့ဆုံဖို့၊ ကျန်းမာရေးကိစ္စ၊ လူမှုစီးပွားရေးကိစ္စတို့နဲ့ ခွင့်ယူပြီး ပြန်လာကြသလို ခွင့်တလနဲ့အထက်ယူပြီး ပြန်လာသူတွေ၊ အထောက်အထား ပြည့်စုံသူတွေလည်း ပြန်ထွက်ဖို့ ခက်ခဲနေကြပါတယ်။
ပြည်ပရောက် မြန်မာအလုပ်သမားအရေး ကူညီနေသူတွေကတော့ အရေးကြီးကိစ္စမရှိရင် မြန်မာနိုင်ငံကို ခွင့်ယူပြီး ပြန်လာကြတာတွေ ရှောင်ကြဉ်ဖို့ သတိပေးထားပါတယ်။
ဇွဲသစ်










