
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ နုတ်ထွက်ပေးဖို့ ဆန္ဒပြပွဲ မလုပ်ခင် အောက်တိုဘာ ၁၆ ရက်ကတည်းက ခေါ်ယူထိန်းသိမ်းခံထားရတဲ့ "ပိုးဟပ် လှုပ်ရှားမှု"ကို စတင်တည်ထောင်သူ အဘီဂျီးသ် ဒီးပ်ကေးကို ရဲတပ်ဖွဲ့က တရားဝင် ဖမ်းဆီးလိုက်ပြီလို့ အိန္ဒိယ သတင်းတွေမှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၁၆ ရက်က နယူးဒေလီမြို့ရဲ့ စီးပွားရေးအဓိကနေရာမှာ ဆန္ဒပြဖို့ ပြင်ဆင်နေချိန်မှာ ရဲတပ်ဖွဲ့က ဒီးပ်ကေးဆီ လာရောက်ပြီး "တရားမဝင်တာတွေလုပ်နေပြီး လူတွေကို လှုံ့ဆော်နေတယ်" ဆိုတဲ့ သတိပေးစာပေးခဲ့တာပါ။
အဲဒီနောက် နယူးဒေလီမြို့ ငြိမ်ဝပ်ပိပြားရေးအတွက် သူ့ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အရေးယူ ဖမ်းဆီးလိုက်တာဖြစ်ကြောင်း India Today နဲ့ NDTV ရုပ်သံသတင်းတွေမှာ ဖော်ပြ ပါတယ်။
ဒီးပ်ကေးနဲ့အတူ ထင်ရှားတဲ့ ဆန္ဒပြကျောင်းသားခေါင်းဆောင် နေဟာဘိုရာ အပါအဝင် တခြား ကျောင်းသားခေါင်းဆောင်တွေကိုပါ ရဲတပ်ဖွဲ့က သောကြာနေ့မှာပဲ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ဒီဆန္ဒပြပွဲတွေကို လူငယ်တွေဦးဆောင်တဲ့ ပိုးဟပ်ပြည်သူ့ပါတီ (CJP)၊ အတိုက်အခံအဖွဲ့တွေနဲ့ ကျောင်းသားအဖွဲ့အစည်းတွေ ပေါင်းပြီး ဒီလထဲမှာ နေ့စဉ်နီးပါး ပြုလုပ်နေကြတာပါ။
ဝန်ကြီးချုပ် နာရင်ဒြာမိုဒီရဲ့ အာဏာရ ဘာရသီးယားဂျန်တားပါတီ (BJP) ကို အကျိုးပြုအောင် မဲစာရင်းတွေ ပြင်ဆင်ထားတယ်လို့ စွပ်စွဲထားကြပြီး အဓိကရွေးကောက်ပွဲကော်မရှင်နာ ဂျာနက်ရှ် ကူးမားရ်ကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
ဒီလို မဲစာရင်းပြင်ဆင်မှုကြောင့် မဲဆန္ဒရှင် သန်း ၁၃၀ ကျော် စာရင်းကနေ ပယ်ဖျက်ခံခဲ့ရပြီး ဒီလှုပ်ရှားမှုဟာ မိုဒီအစိုးရအတွက် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး စိန်ခေါ်မှုတခု ဖြစ်လာခဲ့ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ဘယ်ပါတီကိုမှ ဘက်လိုက်တာမျိုး မရှိဘူးလို့ ငြင်းဆိုထားပြီး မှားယွင်းပယ်ဖျက်ခံရသူတွေ ပြန်လည်စာရင်းသွင်းနိုင်တယ်လို့ ပြောထားပါတယ်။
မိုဒီ ရဲ့ BJP ပါတီကလည်း အတိုက်အခံတွေဟာ တရားဝင်ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို မမှန်မကန် စွပ်စွဲပြီး ဒီမိုကရေစီကို ဖြိုခွဲဖို့ ကြိုးစားနေတာလို့ ပြန်လည်စွပ်စွဲထားပါတယ်။
Source: Reuters











