
အိန္ဒိယနိုင်ငံရဲ့ “ပိုးဟပ်” လူငယ်လှုပ်ရှားမှု ခေါင်းဆောင် ၂ ယောက်ကို ထောင်ဒဏ် ၅ ရက် ထိန်းသိမ်း ဖို့ အိန္ဒိယတရားရုံးက အမိန့်ချလိုက်တယ်လို့ သူတို့ရဲ့ရှေ့နေက အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။
ဒါဟာ ဆန္ဒပြမှုတွေလုပ်ဖို့ တားမြစ်ထားတဲ့ သမိုင်းဝင်နေရာတခုကို ပိုးဟပ်အဖွဲ့ ခေါင်းဆောင်တွေက ဝင်ရောက်ပြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ရာထူးကနုတ်ထွက်ပေးဖို့ ကြွေးကြော် ဆန္ဒပြခဲ့ပြီး နောက်တရက်မှာ ဖြစ်လာတာပါ။
ဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ ဘာရတီးယား ဂျနတာပါတီ (BJP) ကို အသာစီးရစေတယ်လို့ ယူဆရတဲ့ မဲစာရင်းပြုပြင်မှုတွေနဲ့ ပတ်သက်ပြီး ကော်မရှင်နာ ဂယာနက်ရှ် ကူမား ရာထူးကနေ နုတ်ထွက်ပေးဖို့ အတိုက်အခံအုပ်စုတွေနဲ့ ကျောင်းသားထုအဖွဲ့အစည်းတွေက နေ့စဉ်နီးပါး ဆန္ဒပြနေချိန်မှာ အခုလို ဖမ်းဆီးမှုကြောင့် လူငယ်ထောက်ခံသူတွေဘက်ကနေ ဆန္ဒပြပွဲအသစ်တွေ ထပ်ပေါ်လာဖို့ ဖြစ်လာ စေနိုင်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
ဒေလီမြို့ရဲ့ အဓိကစီးပွားရေးဇုန်ထဲမှာရှိတဲ့ ဂျန်တားမန်တား နက္ခတ်တာရာ လေ့လာရေး စခန်းဝင်း ထဲကို အောက်တိုဘာ ၁၃ ရက်က အတားအဆီးတွေကို ကျော်ဖြတ်ပြီး လူတဒါဇင်လောက် ဝင်ရောက်ခဲ့ကြတဲ့အထဲမှာ CJP ခေါင်းဆောင်တွေဖြစ်တဲ့ အာရှူတို့ရှ် ရန်ကာနဲ့ ဆော်ရာဗ် ဒါ့စ် တို့လည်း ပါဝင်ပါတယ်။
အရင်က ဆန္ဒပြဖို့ သတ်မှတ်ပေးထားတဲ့ အဲဒီနေရာဟာ အခုအခါမှာ တရားဝင်ဆန္ဒပြခွင့်ရှိတဲ့နေရာ မဟုတ်တော့ဘူးလို့ ရဲတပ်ဖွဲ့က ဒီတပတ်မှာ ပြောကြားခဲ့ပါတယ်။
ဒါ့စ်နဲ့ ရန်ကာတို့ဟာ သီတင်းပတ်ကုန်ရက်တုန်းက ဖမ်းဆီးခံရပြီးနောက် အာမခံနဲ့ လွတ်မြောက် လာခဲ့တဲ့ စည်းကမ်းချက်တွေကို ဖောက်ဖျက်ခဲ့တာ အပါအဝင် အကြောင်းပြချက်တွေနဲ့ ထောင်ချ ခံခဲ့ရတာ ဖြစ်တယ်လို့ သူတို့ရဲ့ရှေ့နေ အဘီရှ် ဟီလာက သတင်းထောက်တွေကို ပြောပါတယ်။
‘ပိုးဟပ်’ လှုပ်ရှားမှုဟာ မကြာသေးခင်လတွေအတွင်း အစိုးရကျောင်းတွေရဲ့ အခြေခံ အဆောက်အအုံကနေ အလုပ်အကိုင် အခွင့်အလမ်းတွေအထိ ပြဿနာမျိုးစုံကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ တွေကို စုစည်းလုပ်ဆောင်လာခဲ့ပြီး ဝန်ကြီးချုပ် မိုဒီရဲ့ ၁၂ နှစ်တာ အာဏာသက်တမ်းအတွင်း သူနဲ့ သူ့ရဲ့ BJP ပါတီအတွက် အကြီးမားဆုံး နိုင်ငံရေးစိန်ခေါ်မှုတွေထဲက တခု ဖြစ်လာနေပါတယ်။
Source: Reuters











