DVB Logo
Home
မြန်မာသတင်း
နာဂဒေသ မိုးသည်းထန်စွာ ရွာသွန်းနေလို့ သွားလာရေးမှာ ဆင်တွေကို အသုံးပြုနေရ
DVB
·
June 6, 2018
နာဂဒေသ မိုးသည်းထန်စွာ ရွာသွန်းနေလို့ သွားလာရေးမှာ ဆင်တွေကို အသုံးပြုနေရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် နန်းယွန်း-ပန်ဆောင်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းနေလို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေပြီး သွားလာရေးမှာ ဆင်တွေကို အသုံးပြုနေရတယ်လို့ သိရပါတယ်။

နန်းယွန်းမြို့နဲ့ ပန်ဆောင်မြို့ကို ဆက်သွယ်ထားတဲ့ လီဒိုလမ်းမကြီးက အရှည် ၃၆ မိုင် ရှည်လျားပြီး အဲဒီထဲက ၆ မိုင်လောက်က ကား၊ ဆိုင်ကယ် သွားမရလောက်အောင် ပျက်စီးနေတဲ့အတွက် ဆင်တွေ အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

ဒီလမ်းကို ဒေသခံတွေရဲ့ ထည့်ဝင်လှူဒါန်းငွေတွေနဲ့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက တကြိမ်၊ မတ်လမှာ တကြိမ် ဝိုင်းဝန်းပြုပြင်ခဲ့ကြပေမယ့် အဆင်မပြေဖြစ်နေတာပါ။

လက်ရှိမှာ ကားတစီးကိုဆွဲဖို့ ဆင်ငှားရင် အနည်းဆုံး ၅ သောင်းကျပ်ကနေ ကားအရွယ်အစားအပေါ် မူတည်ပြီး ပေးငှားနေရတယ်လို့ ဆိုပါတယ်။

ဒီလီဒိုလမ်းက ၁၉၄၁ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကာလကတည်းက စစ်သုံးလမ်းအဖြစ် အသုံးပြုရန် ဖောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့အချိန်ထိ နိုင်ငံတော်ကနေ လမ်းပြန်လည်ပြုပြင်နိုင်ဖို့ ဘက်ဂျက်ချပေးတာ မရှိတဲ့အတွက် ပြင်ဆင်ထိန်းသိမ်းနိုင်ခြင်း မရှိဘူးလို့ နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်ကလည်း ပြောပါတယ်။

လက်ရှိမှာတော့ နန်းယွန်း-ပန်ဆောင်ကြား လမ်းပိုင်းပျက်စီးမှုတွေ ဖြစ်နေတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မတတ် ဖြစ်နေရတယ်လို့လည်း ဆိုပါတယ်။

ဒေသခံတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ ကြုံတွေ့နေရတယ်လို့လည်း ပြောပါတယ်။

ဒီလမ်းပိုင်းနဲ့ပတ်သက်ပြီး မြို့နယ်ဆောက်လုပ်ရေးဦးစီးဌာနက လိုအပ်တဲ့ ခန့်မှန်းကုန်ကျစရိတ်ကို အသေးစိတ်ရေးဆွဲပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနကို တင်ပြ တောင်းဆိုထားပေမယ့် ဒီနေ့အချိန်ထိတော့ ထူးခြားမှုမရှိသေးဘူးလို့ ဆိုပါတယ်။

နာဂဒေသက တနှစ်လုံးမှာ မိုး ၆ လခန့်ရှိပြီး တနှစ်ပတ်လုံး ပျမ်းမျှမိုးရေချိန်အနည်းဆုံး ၁၁ လက်မကနေ ၇၄ လက်မကျော်ထိ ရရှိတယ်လို့ နာဂဒေသ တနှစ်စာ လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013