DVB Logo
Home
မြန်မာသတင်း
တာချီလိတ်ခရိုင်တွင် မိုးသည်းထန်၍ နားဟိုင်လုံရွာထဲ သဲနှင့်ရွှံ့နွံ ဖုံးလွှမ်း
DVB
·
May 4, 2018
တာချီလိတ်ခရိုင်တွင် မိုးသည်းထန်၍ နားဟိုင်လုံရွာထဲ သဲနှင့်ရွှံ့နွံ ဖုံးလွှမ်း
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ထဲမှာ ခုရက်ပိုင်းအတွင်း မိုးသည်းထန် ရွာသွန်းတာကြောင့် အနောက်မိုင်းလင်းအုပ်စု နားဟိုင်းလုံကျေးရွာထဲ ရေရောသဲနဲ့ ရွှံ့နွံတွေပါ ဖုံးလွှမ်းပြီး အိမ်မွေးကြက် ၁၀၀ ကျော်နဲ့ စိုက်ခင်းတွေပါ ပျက်စီးကုန်ပါတယ်။

မနေ့ည ၁၀ နာရီလောက်ကစ မိုးတွေ ပိုကြီးလာပြီး ဒီကနေ့မနက်မှာတော့ ရွာထဲက အိမ်လေးလုံးထဲ ရွှံ့ရေနဲ့ သဲတွေ ဝင်ရောက်လာကာ သူတို့မွေးထားတဲ့ကြက်တွေ သေကုန်သလို ရွာရဲ့ အဓိကလမ်းမကြီးမှာလည်း ရွှံ့တွေ၊ သဲတွေ ဖုံးနေတာကြောင့် သွားရေးလာရေး ခက်ခဲနေတယ်လို့ နားဟိုင်း လုံရွာသူ ဆရာမနန်းကောင်တိပ်က ပြောပါတယ်။

“မနေ့ညက ရွာတဲ့မိုးတော့ တော်တော်ကြီးတယ်၊ ညဆယ်နာရီကျော်ကနေ မနက် ၂ နာရီခွဲလောက်ထိ ရွာတာ၊ အဲဒါရွာပတ်လည်ချောင်းရေက ရေတွေလျှံပြီး ရွာထဲ ဝင်လာတယ်၊ ချောင်းက မြေတွေတူးပြီး အဲဒီမြေနဲ့ ဘောင်ခတ်ပြန်ဖို့ထားတာလေ။ ချောင်းရေလျှံတော့ အဲဒီရွှံ့တွေ၊ သဲတွေ ရွာထဲ ဝင်လာတာပေါ့။ အိမ် ၄ လုံးက အဆိုးဆုံးပဲ။ အနိမ့်ပိုင်းမှာ ဒူးခေါင်းထိ၊ အမြင့်မှာ ခြေသလုံးထိ ရေတွေတက်လာတယ်။ ရေကရွံ့တွေသဲတွေနဲ့ နောက်ကျိနံစော်နေတာဘဲ။”

အိမ်ခြေ ၅၀ ကျော်လောက်ရှိတဲ့ နားဟိုင်းလုံကျေးရွာဟာ နမ့်ခမ်းချောင်းရေပတ်ပတ်လည် စီးဆင်းနေပြီး ရွာအထက်ဘက်တောင်ကုန်းတွေမှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေ လာရောက်ဆောင်ရွက်နေလို့ စွန့်ပစ်မြေစာတွေ ချောင်းရေထဲ ဝင်ရောက်လာပြီး ရေတွေ တိမ်ကောလာနေပါတယ်။

ချောင်းထဲကမြေတွေ တူးပြီး ပြန်ဖို့ထားပေမယ့် မိုးရွာလို့ ရေကြီးတဲ့အခါတိုင်း သဲမြေ ရွှံ့မြေတွေ ရွာထဲ ဝင်ရောက်ဖုံးလွှမ်းတဲ့ဒဏ်ကို နှစ်စဉ်ခံနေရတယ်လို့ ဆရာမနန်းကောင်တိပ်က ပြောပါတယ်။

လတ်တလော ပျက်စီးဆုံးရှုံးမှုတွေကို ပြည်သူ့စစ်နဲ့ အုပ်ချုပ်ရေးပိုင်းက လာရောက်ကြည့်ရှု စစ်ဆေးသွားပေမယ့် ဘာတွေ ကူညီပေးမလဲ ဆိုတာတော့ မသိရသေးပါဘူး။

Photo : Tachileik News Agency

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013