
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အမျိုးသမီး ၂ ယောက်ကို မုဒိမ်းမှုကျူးလွန်ခဲ့တဲ့သူကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တယ်လို့ ဂန့်ဂေါမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
Black Dragon Force ရဲ့ ပြန်ကြားရေးတာဝန်ခံက “မကျည်းခင်ရွာမှာနေတဲ့ အမျိုးသမီး ၂ ယောက်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လထဲမှာ မုဒိန်းမှုကျူးလွန်ခဲ့တဲ့ ရဝေထွန်း (ခ) လင်းယုန်ကို ဂန့်ဂေါမြို့နယ်ထဲမှာ တော်လှန်ရေးလှုပ်ရှားဆောင်ရွက်နေကြတဲ့ ကျနော်တို့ Black Dragon Force (အထူးလှုပ်ရှားတပ်) နဲ့အတူ Senthang Revolution Force (တပ်ရင်း ၃)၊ ဂန့်ဂေါမြို့နယ် ပလဖ တို့ပူးပေါင်းပြီး ဇူလိုင် ၂၇ ရက်မှာ ဖမ်းဆီးရခဲ့တယ်” လို့ ပြောပါတယ်။
ဂန့်ဂေါမြို့ အမှတ် ၄ ကျောတိုက်ရပ်ကွက်မှာ နေထိုင်ခဲ့သူ ရဝေထွန်း (ခ) လင်းယုန်ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ကျောတိုက်ရပ်ကွက်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထဲမှာ တာဝန် ထမ်းဆောင်ခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။
ဂန့်ဂေါမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရဲ့ တာဝန်ရှိသူ တယောက်က “ရဝေထွန်း (ခ) လင်းယုန် ပြစ်မှုကျူးလွန်ခဲ့တာက ၂၀၂၅ ခုနှစ် ဇွန်လထဲမှာပါ။ နစ်နာသူတွေဘက်က တိုင်ကြား လာတာကတော့ ၂၀၂၆ ခုနှစ် ဇူလိုင်လထဲမှာပါ။ သူ့ကို ဖမ်းဆီးရမိပြီးတော့ စစ်တဲ့အခါ တိုင်ကြားထား တဲ့ပြစ်မှုတွေ ကျူးလွန်ခဲ့ပါတယ်ဆိုတာကို ဝန်ခံထွက်ဆိုလို့ ဇူလိုင် ၃၁ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အရေးယူခဲ့တာဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
အခုလက်ရှိမှာတော့ ရဝေထွန်း (ခ) လင်းယုန်ကို ဂန့်ဂေါမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ အချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဂန့်ဂေါမြို့နယ်အတွင်းက ပြည်သူတွေအပေါ် ရာဇဝတ်မှုကျူးလွန်တဲ့ ဘယ်သူ့ကိုမဆို ကင်းလွတ် ခွင့်ပေးမှာ မဟုတ်ဘဲ တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် ဆက်လက်ဖော်ထုတ် အရေးယူ သွားမယ်လို့လည်း ဂန့်ဂေါမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ဆီကနေ သိရပါတယ်။










