
ဟူသီသူပုန်တွေက ဒုံးကျည်တွေ ဒရုန်းတွေနဲ့ ဆက်တိုက် တိုက်ခိုက်နေလို့ မဟာဗျူဟာမြောက် ဘာ့ဘ် အယ်လ်မန်ဒဘ် ရေလက်ကြားနားမှာရှိတဲ့ ယီမင်နိုင်ငံ၊ မိုချာဆိပ်ကမ်းမှာ ကုန်သွယ်ရေးနဲ့ ရေကြောင်းလှုပ်ရှားမှုတွေ ရပ်တန့်ခဲ့ပြီး လူ ၇ ယောက် သေဆုံးတဲ့အပြင် အမေရိကန်ဒေါ်လာ ၁၆ သန်းလောက် ဆုံးရှုံးခဲ့တယ်လို့ ယီမင်အစိုးရနဲ့ ဆိပ်ကမ်းအရာရှိတွေက ဩဂုတ် ၁၅ ရက်မှာ ပြောပါတယ်။
ယီမင်နိုင်ငံ အနောက်တောင်ပိုင်း တိုင်ဇ်ပြည်နယ်မှာရှိတဲ့ ဆိပ်ကမ်းဟာ အစိုးရထိန်းချုပ်ထားတဲ့ ဒေသတွေဆီ ဦးတည်နေပြီး ကုန်သွယ်ရေးဆိုင်ရာ ကုန်စည်တွေနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေအတွက် အဓိကဝင်ပေါက်တခု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တိုက်ခိုက်မှုတွေကြောင့် ဆိပ်ကမ်းလုံခြုံရေးတပ်ဖွဲ့ဝင် ၄ ယောက်နဲ့ ဆိပ်ကမ်းဝန်ထမ်း ၃ ယောက် သေဆုံးခဲ့ပြီး အဆောက်အအုံတွေနဲ့ ပစ္စည်းကိရိယာတွေ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးခဲ့တယ်လို့ အစိုးရထိန်းချုပ်ထားတဲ့ ဆိပ်ကမ်းရဲ့ ညွှန်ကြားရေးမှူး အဗ္ဗဒူလ်မာလစ် အယ်လ်-ရှာရာဘီက ပြောပါတယ်။
ဆိပ်ကမ်းဝင်းထဲက စီးပွားရေး အဆောက်အအုံတိုင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါလို့ အယ်လ်ရှာရာဘီက ပြောပါတယ်။
ဆိပ်ကမ်းတိုးချဲ့ရေးလုပ်ငန်းမှာ ပါဝင်တဲ့ သစ်သားသင်္ဘော ၆ စင်းနဲ့ တူးစက်တစင်းလည်း ပျက်စီးသွားတယ်လို့ သူက ပြောပါတယ်။
သင်္ဘောနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တာကြောင့် အလုပ်သမား ၁,၃၀၀ လောက် ဝင်ငွေမရှိ ဖြစ်ခဲ့ရပါတယ်။
ဆိပ်ကမ်းဝန်ထမ်းတွေနဲ့ အလုပ်သမားတွေ ထိခိုက်ဒဏ်ရာရခဲ့သလို ဆိပ်ကမ်းမှာ ကုန်ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကုန်သွယ်ရေး သင်္ဘောတွေလည်း ပျက်စီးသွားခဲ့ပါတယ်လို့ မိုချာကုန်သည်များသမဂ္ဂ အကြီးအကဲ မိုဟာမက် အယ်လ်ဂါနာမီက ပြောပါတယ်။
ဟူသီတွေဟာ ပဲ့ထိန်းဒုံးကျည် ၄၀ နဲ့ ဒရုန်း ၄၆ စင်း ပစ်လွှတ်ခဲ့ပြီး သြဂုတ် ၉ ရက်ကနေ ၁၄ ရက်အတွင်း မိုချာ၊ ဆိပ်ကမ်းနဲ့ အဲဒီဒေသက တခြားနေရာတွေကို တိုက်ခိုက်ရာမှာ ပေါက်ကွဲစေတတ်တဲ့ လှေတွေကို သုံးခဲ့တယ်လို့ ယီမင်အစိုးရကို ထောက်ခံတဲ့ အမျိုးသားခုခံရေး တပ်ဖွဲ့တွေက ပြောပါတယ်။
မိုချာဒေသမှာ စစ်ဆင်ရေးတွေဟာ ဆော်ဒီက ကျောထောက်နောက်ခံပေးထားတဲ့ ယီမင်အစိုးရတပ်ဖွဲ့တွေရဲ့ စစ်ရေးတည်ဆောက်မှုတွေနဲ့ လက်နက်ဂိုဒေါင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဟူသီတွေက ပြောပါတယ်။
အစိုးရအာဏာပိုင်တွေက ဟူသီတွေရဲ့ စကားကို ငြင်းဆိုခဲ့ပြီး ဆိပ်ကမ်းကို အရပ်ဘက် ကုန်သွယ်ရေး အဆောက်အအုံတခုအဖြစ် ဖော်ပြပါတယ်။
ယီမင်နိုင်ငံမှာ ကုလသမဂ္ဂ ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ သက်တမ်းကုန်ပေမဲ့ မကြာသေးမီက မတိုက်ခိုက်ခင်အထိ လက်တွေ့ အပစ်အခတ်ရပ်စဲရေးက အားနည်းပေမဲ့ အများအားဖြင့် ရှိနေခဲ့ပါတယ်။











