
ချင်းပြည်နယ်အတွင်း မရာလူမျိုးများနေထိုင်ရာနယ်မြေကို အုပ်ချုပ်နေတဲ့ မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီက စစ်မှုထမ်းဥပဒေမူကြမ်းကို ဆွေးနွေး အတည်ပြုခဲ့ပြီး မရာလဲန်းကာကွယ်ရေးတပ်ဖွဲ (MDF) ကို ပိုမိုစနစ်ကျတဲ့ ကာကွယ်ရေးတပ်အဖြစ် တည်ဆောက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်က တတိယအကြိမ် မရာပြည်သူ့ညီလာခံသက်တမ်းနဲ့ တတိယ အကြိမ် ပုံမှန်ဗဟိုကောင်စီအစည်းအဝေးကို မရာနယ်မြေတနေရာမှာ ကျင်းပခဲ့ပြီး အဆိုပေါင်း ၁၇ ခု ကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက စက်တင်ဘာ ၂၂ ရက်က သတင်းထုတ်ပြန်ပါတယ်။
ကာကွယ်ရေးအက်ဥပဒေ (အမှတ် ၃/၂၀၂၂) နဲ့ မြို၊ တိုက်နယ် သိုမဟုတ် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးအက်ဥပဒေ (အမှတ် ၁/၂၀၂၂) တို့ရဲ့ ပြင်ဆင်ပြဋ္ဌာန်းချက်တွေကိုလည်း အတည်ပြုခဲ့ ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မရာနယ်မြေအတွင်း အုပ်ချုပ်ရေးယန္တရားတွေ စနစ်တကျ လည်ပတ်နိုင်ရေး၊ အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်ရေးနဲ့ မရာလဲန်းကာကွယ်ရေးတပ်ကို ပိုမိုစနစ်ကျတဲ့ ကာကွယ်ရေး တပ်အဖြစ် တည်ဆောက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ အုပ်ချုပ်ရေးကောင်စီက ဆိုပါတယ်။
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက စစ်မှုထမ်းဥပဒေကို ဘယ်အချိန်မှာစတင်ပြီး ဘယ်လို ကျင့်သုံးမယ်ဆိုတာနဲ့ စစ်မှုထမ်းရမဲ့ အသက်အရွယ်နဲ့ အကျုံးဝင်သူတွေကို ဘယ်လို သတ်မှတ် ထားတယ်ဆိုတဲ့ အသေးစိတ်အချက်ကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။
အဆိုပါ အစည်းအဝေးကို ပြည်တွင်း၊ ပြည်ပ မရာလူထုကိုယ်စားလှယ်ဗဟိုကောင်စီဝင်တွေနဲ့ ဖိတ်ကြားထားသူတွေ အပါအဝင် စုစုပေါင်း ၇၅ ယောက် တက်ရောက်ခဲ့ကြပါတယ်။











