
ကချင်ပြည်နယ်အတွင်း တကျော့ပြန်စစ်ပွဲ ဖြစ်ပွားခဲ့တာ ၁၅ နှစ်မြောက်တဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားတရပ်ကို ထိုင်းနိုင်ငံရောက် ကချင်တိုင်းရင်းသားတွေက ဇွန် ၉ ရက်မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ပါတယ်။
ဒီအခမ်းအနားကနေတဆင့် စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် (IDPs) တွေအတွက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေကို ရရှိစေဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီအခမ်းအနားမှာတော့ ဆုတောင်းပွဲ၊ စကားဝိုင်းဆွေးနွေးပွဲ၊ မှတ်တမ်းရုပ်ရှင်ပြသတာ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ဖြတ်သန်းမှု ဘဝတွေကို ဖော်ညွှန်းတဲ့ အနုပညာပြပွဲ စတဲ့ အစီအစဉ်များစွာ ပါဝင်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ် ဇွန် ၉ ရက်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ မြန်မာစစ်တပ်တို့အကြား တကျော့ပြန်စစ်ပွဲ ပြန်လည်စတင်ခဲ့ပြီးနောက် ဒီကနေ့အထိ ဖြစ်ပွားနေဆဲဖြစ်တဲ့ ကချင်ပြည်နယ်အတွင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကို လူသိများလာစေဖို့ ရည်ရွယ်ပြီး ဒီပွဲကို ကျင်းပတာလို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။
ပွဲဖြစ်မြောက်ရေးကော်မတီဝင်တယောက်လည်းဖြစ်တဲ့ ကချင်အမျိုးသမီးများအစည်းအရုံး ထိုင်းနိုင်ငံ (KWAT) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆန်ထွယ်က “ဒီပွဲကို ကျင်းပတာဟာ ကျမတို့ ၂၀၁၁ စစ်ပဋိပက္ခ စဖြစ်တဲ့ ဒီ ပြန်လည်ဖြစ်ပွားတဲ့ နောက်ပိုင်းမှာ ကျမတို့ ကချင်ဒေသကတော့ စစ်အနိဋ္ဌာရုံ ဖြစ်တယ်။ ပြီးရင် လူတွေအများကြီး ကိုယ့်အိမ်ကို စွန့်ခွာပြီးမှ IDP camp တွေမှာ သွားပြီး ခိုလှုံခဲ့ရတယ်။ မြေပြင်မှာ စစ်ဖြစ်တယ် ဆိုတဲ့ဟာက မြန်မာစစ်တပ်အနေနဲ့ ဟို လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပဲ တိုက်တာမဟုတ်ဘဲနဲ့ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး သတ်ဖြတ်တဲ့ကိစ္စတွေ ဖြစ်လာတယ်။ အဖမ်းအဆီးတွေများတယ်။ ပြီးလို့ရှိရင် အလောင်းဖျောက်ဖျက်တာတို့၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားတာတို့၊ သတ်ဖြတ်တာတို့တွေ လုပ်တဲ့အတွက်ကြောင့်မို့လို့ ပြည်သူလူထုတွေအနေနဲ့က ကိုယ့်ရဲ့ဒေသမှာ ဆက်ပြီးမှ နေဖို့အတွက် ခက်ခဲလာတဲ့အတွက်ကြောင့်မို့လို့ ထွက်ပြေးတိမ်းရှောင်ရတဲ့ အခြေအနေတွေ ဖြစ်ခဲ့တယ်။ ဆိုတော့ ဒီ ၂၀၂၁ နောက်ပိုင်း စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ပိုဆိုးလာတဲ့ အခြေအနေတော့ ဖြစ်တာပေါ့နော်။ ဆိုတော့ ကျမတို့ရဲ့ ကချင်ဒေသကတော့ ပိုပြီး ဆိုးရွားလာတဲ့ အခြေအနေလည်း ဖြစ်တယ်ဆိုတဲ့ဟာမျိုးကို အဓိက ပြောချင်တာ ဖြစ်ပါတယ်ပေါ့” လို့ ပြောပါတယ်။
ဒါ့အပြင် လက်ရှိ ကချင်ပြည်နယ်တခွင်မှာ စစ်ရေးထိုးစစ်ဆင်မှုတွေ ဆက်တိုက်ဖြစ်ပွားနေချိန်မှာ ဒီအခမ်းအနားကတဆင့် နိုင်ငံတကာအသိုက်အဝန်းကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ များစွာလိုအပ်နေကြောင်း သတင်းစကား ပါးလိုတယ်လို့လည်း ဆိုပါတယ်။
ဒီ ကချင်တကျော့ပြန်စစ်ပွဲ နှစ်ပတ်လည်အထိမ်းအမှတ် အစီအစဉ်တခုအနေနဲ့ “ဇွန် ၉ မျှော်လင့်ချက်ဖလား” (June 9 Hope Cup) ဘောလုံးပြိုင်ပွဲတခုကိုလည်း ဇွန် ၇ ရက်က ထည့်သွင်း ကျင်းပခဲ့ပါသေးတယ်။
အဲဒီပြိုင်ပွဲဟာ ၁၉၆၁ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ဆယ်စုနှစ်ချီ ပဋိပက္ခတွေအကြား ကချင်လူထုရဲ့ ကြံ့ကြံ့ခံနိုင်ရည်ရှိမှုကို ဖော်ညွှန်းတာဖြစ်တယ်လို့လည်း ပွဲစီစဉ်သူတွေက ဆိုပါတယ်။
ဆက်လက်ပြီး ဆန်ထွယ်က “ကချင်ဒေသက ကျမတို့ စစ်ဖြစ်တာ ၁၉၆၁ ကတည်းကနေ ဟုတ်တယ်။ ဆိုတော့ ဒီ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖြစ်လာတဲ့ တော်လှန်ရေး လမ်းကြောင်းက အခုဆို အနှစ် ၆၀ ကျော် ဖြစ်နေပြီပေါ့နော်။ ဆိုတော့ ကျမတို့အတွက် မျှော်လင့်ချက်ကတော့ မပျက်ပြယ်သေးဘူး။ ဆက်ပြီးမှ ကျမတို့ရဲ့ နိုင်ငံရေး ပြောင်းလဲလာဖို့အတွက် ကျမတို့က resilience ရှိရှိပေါ့နော်၊ ခံနိုင်ရည်ရှိရှိနဲ့ ဆက်ပြီးမှ မျှော်လင့်ချက်ထားရင်းနဲ့ ဆက်ပြီး ပါဝင်နေဖို့အတွက်၊ ဆက်ပြီး တောင့်ခံနေဖို့အတွက် အင်အားတွေ ရှိနေသေးတယ်” လို့ ပြောပါတယ်။
ကချင်ဒေသ တကျော့ပြန်စစ်ပွဲ ၁၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားက ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ စစ်ပဋိပက္ခကြားထဲမှာ ခံစားနေရတဲ့ ပြည်သူလူထုတွေအတွက် ပံ့ပိုးကူညီသွားမယ်လည်း သိရပါတယ်။
ဒီအခမ်းအနားမှာ ကချင်အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၂၉ ဖွဲ့က ပူးတွဲ သဘောထား ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကချင် တကျော့ပြန်စစ်ပွဲ စတင်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်ကနေ ၂၀၂၆ ခုနှစ် ဇွန်လအထိ စာရင်းတွေအရ ကချင်ပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂၄၀,၀၀၀ ကျော် ရှိတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ထုတ်ပြန်ချက်ကတဆင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေကို တိုးမြှင့်ပေးဖို့၊ လေကြောင်းတိုက်ခိုက်မှုတွေကနေ အရပ်သားတွေကို ကာကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေကိုလည်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားရာ ဒေသတွေကို ကူညီထောက်ပံ့ပေးဖို့ စတာတွေကို တိုက်တွန်းထားပါတယ်။
ဒါ့အပြင် မြစ်ဆုံစီမံကိန်းကို လုံးဝ အပြီးတိုင် ဖျက်သိမ်းပေးဖို့ကိုလည်း တောင်းဆိုထားပြီး ဒီစီမံကိန်းဟာ ဒေသတွင်း မတည်ငြိမ်မှုတွေကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်းကိုလည်း သတိပေးထားပါတယ်။
ဒေသခံလူထုတွေဟာ အခက်အခဲများစွာ ရှိနေပေမဲ့လည်း ကြံ့ကြံ့ခံ ရင်ဆိုင်နေကြပြီး ငြိမ်းချမ်းတဲ့ အနာဂတ်အတွက် မျှော်လင့်ချက် ထားရှိနေဆဲ ဖြစ်ပါတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
Photo: စောမင်းသိန်း၊ DVB











