
ဟန်ဂေရီနိုင်ငံမှာ အရင်အစိုးရဟောင်းလက်ထက်တုန်းက ယူကရိန်းဘဏ်တခုရဲ့ ပုံမှန် ငွေသယ်ယူ ပို့ဆောင်ရေးမော်တော်ယာဉ်ကို ဖမ်းဆီးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ အခွန်ဌာန၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး တပ်ဖွဲ့နဲ့ တခြားအေဂျင်စီတွေကို အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင် နေပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းက ရုရှားရဲ့ မဟာမိတ်ဖြစ်တဲ့ ဗစ်တာ အော်ဘန်ရဲ့ အရင်အစိုးရဟာ ကိယက်ဗ်နဲ့ အဆင်မပြေဖြစ်နေချိန်မှာပဲ ဒေါ်လာ ၈၂ သန်း တန်ဖိုးရှိတဲ့ ငွေသားတွေနဲ့ ရွှေတွေကို သံချပ်ကာ မော်တော်ယာဉ် ၂ စီးနဲ့ သယ်ဆောင်လာတဲ့ ယူကရိန်းနိုင်ငံသား ၇ ယောက်ဟာ ငွေကြေးခဝါချမှု သံသယနဲ့ ခဏ ထိန်းသိမ်းခံခဲ့ရပါတယ်။
ယူကရိန်းရဲ့ အိုရှဒ်ဘဏ်က သူ့ရဲ့ဝန်ထမ်းတွေဟာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ချိန်ကတည်းက အပတ်စဉ် လုပ်ဆောင်နေကျဖြစ်တဲ့ ပုံမှန်လုပ်ငန်းစဉ်တခုကို လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။
ဧပြီလ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ ဟန်ဂေရီ ဝန်ကြီးချုပ်သစ် ပီတာ မာဂျာက ဒီကိစ္စကို အစိုးရရှေ့နေချုပ်က နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ချက်ချင်း ကိုင်တွယ်ဖြေရှင်းရမယ်လို့ ဇွန် ၁၇ ရက်က ဖေ့စ်ဘွတ်ခ် ပို့စ်တခုမှာ ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း အော်ဘန်ဟာ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းကို ကူညီပံ့ပိုးပေးဖို့အပေါ် သံသယပွားစရာဖြစ်အောင် လုပ်တာကို သူ့ရဲ့ မဲဆွယ်စည်းရုံးရေးမှာ အဓိကအခန်းကဏ္ဍကနေ ထားခဲ့ပြီး မော်စကိုအပေါ် ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေနဲ့ ကိယက်ဗ်အတွက် ချေးငွေ တွေကို ဗီတိုအာဏာသုံး ပယ်ချခဲ့ဖူးပါတယ်။
ဟန်ဂေရီနိုင်ငံဟာ မာဂျာ ရာထူးတက်ပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာပဲ အဲဒီငွေသားတွေနဲ့ ရွှေတွေကို ယူကရိန်းဆီ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
Source: Reuters










