
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေထံက ထိုင်းမှတ်ပုံတင်အတုတွေ၊ ထိုင်းနိုင်ငံသား မှတ်ပုံတင်တွေနဲ့ အမည်ခံ ကုမ္ပဏီထောင်တာ၊ စီးပွားရေး လုပ်ကိုင်နေတာတွေ စစ်ဆေးတွေ့ရှိပြီးတဲ့နောက် နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံသားပြုခွင့်ဆိုင်ရာ နည်းဥပဒေတွေ ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်ပါတယ်။
စက်တင်ဘာ ၁၄ ရက်က ပြည်ထဲရေး ဒုဝန်ကြီး နိုင်းဖွန်းဖီရ် ဆုဝမ်နချဝီ ဦးဆောင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန လူ့ဘောင်အဖွဲ့အစည်း စနစ်တကျဖြစ်အောင် ဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေး အပြီးမှာ ခုလို ညွှန်ကြားချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဒီမတိုင်ခင်က တာဝန်ရှိသူတွေဟာ လူမှုအသိုက်အဝန်းကို ဘေးဖြစ်စေတဲ့ ပြဿနာနဲ့ နိုမီနီ (အမည်ခံ) ကွန်ရက်တွေကို လိုက်လံစစ်ဆေး နှိမ်နင်းခဲ့တာမှာ ထိုင်းနိုင်ငံသားအဖြစ် ခံယူထားတဲ့ နိုင်ငံခြားသားတွေ ပါဝင်ပတ်သက်နေတာတွေ တွေ့ရှိတဲ့နောက် ထိုင်းနိုင်ငံသားပြုခွင့် ဥပဒေ စည်းမျဉ်းတွေ ပြန်လည်သုံးသပ်ဖို့ အရေးကြီးကြောင်း ညွှန်ကြားခဲ့ပါတယ်။
အဲဒီနောက် အစည်းအဝေးတရပ် ကျင်းပပြီး နိုင်ငံသားလျှောက်ထားခွင့်ပြုတဲ့စနစ်၊ နိုင်ငံသားပြုပေး (အမျိုးသားမှတ်ပုံတင်ထုတ်ပေး) တဲ့ စနစ်ဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို တနှစ်တာ နောက်ကြောင်းပြန် ပြန်လည်စစ်ဆေးသုံးသပ်ဖို့ ညွှန်ကြားလိုက်ပါတယ်။
စစ်ဆေးချက်မှာ လစ်ဟာချက်တွေ (မသမာမှုပြုနိုင်တဲ့လမ်းကြောင်းတွေ) တွေ့ရှိပါက ၁၉၆၅ ခုနှစ် နိုင်ငံသားပြုခြင်းဆိုင်ရာဥပဒေနဲ့ လျော်ညီစွာ ပြောင်းလဲပြင်ဆင်ဖို့ ဖြစ်တယ်။ ဒါဟာ ထိုင်းနိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်ရတာလို့ ဆိုပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်ပေးရမယ်။ ဒါဟာ အုပ်ချုပ်ရေးဌာနနဲ့ ပြည်သူတွေ ပူးပေါင်းပြီး မိမိဒေသတွင်း ဥပဒေမဲ့လုပ်ရပ်တွေကို စောင့်ကြည့်ကာကွယ်သွားဖို့ ဖြစ်တယ်။
အထူးသဖြင့် နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံသားမှတ်ပုံတင်တွေ လိမ်လည်အသုံးပြုပြီး ကုမ္ပဏီထူထောင်တဲ့ ဖြစ်စဉ်တွေ စောင့်ကြည့်ဖို့ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားမိဘကနေ ထိုင်းမှာ မွေးဖွားပြီး ဘွဲ့ရတဲ့ထိ ပညာသင်ကြားခဲ့တဲ့ နိုင်ငံခြားသားတွေ၊ ဖခင် သို့မဟုတ် မိခင် တဦးဦးက ထိုင်းနိုင်ငံသားဖြစ်သူတွေ၊ ထိုင်းနိုင်ငံသားနဲ့ တရားဝင် လက်ထပ်ထိမ်းမြားထားသူတွေဟာ ထိုင်းနိုင်ငံသားဖြစ်ဖို့ လျှောက်ထားနိုင်ခွင့် ရှိပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသ တောင်ပေါ်သားကတ် ကိုင်ဆောင်ထားသူတွေဟာလည်း ထိုင်းမှာ နှစ်ပေါင်းရှည်ကြာ နေထိုင်သူတွေ၊ ထိုင်းနိုင်ငံရဲ့ အကျိုးကို ထူးချွန်စွာ ထမ်းရွက်ခဲ့သူတွေလည်း နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရှိပါတယ်။
ဒီမတိုင်ခင်ကတော့ ကာယကံရှင်မသိဘဲ ထိုင်းမှတ်ပုံတင်မိတ္တူနဲ့ ကုမ္ပဏီထောင်တာတွေ၊ ထိုင်းမှတ်ပုံတင်ကတ်ကို မသမာတဲ့နည်းနဲ့ ရယူပြီး တရားမဝင် စီးပွားရေး လုပ်နေကြတဲ့ နိုင်ငံခြားသားတွေ စစ်ဆေးတွေ့ရှိတာကြောင့် ဒီဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ ဖြစ်လာတာပါ။
Source: ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဌာန











