ကြိုးဖုန်းလိုင်း အင်တာနက်ခများ MPT လျှော့ချ
ပိုင်စိုး
·
April 10, 2018
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အမ်ပီတီက ဝန်ဆောင်မှုပေးနေတဲ့ ကြိုးဖုန်းလိုင်းနဲ့ သုံးတဲ့ အေဒီအက်စ်အယ်လ် အင်တာနက် ဝန်ဆောင်မှုကို ဈေးနှုန်းတွေ လျှော့ချပေးလိုက်တယ်လို့ ကြေညာပါတယ်။
ကောက်ခံနေကျ နှစ်စဉ်ကြေး ၅၂၅၀၀ ကျပ် ကိုလည်း အခု ဧပြီလကစပြီး မကောက်တော့ဘူးလို့ အေဒီအက်စ်အယ်လ် တာဝန်ရှိသူ တယောက်က ပြောပါတယ်။
အရင်က အမြန်နှုန်း 512 Kbps၊ 1 Mbps၊ 1.5 Mbps၊ 2 Mbps၊ 2.5 Mbps တွေရှိခဲ့ရာကနေ အခု 1 Mbps၊ 2 Mbps နဲ့ 3 Mbps ပဲ ရှိတော့မှာ ဖြစ်ပါတယ်။
ပြီးတော့ လစဉ်ကြေးတွေကိုလည်း အမြန်နှုန်း 1 Mbps ကို အရင်က ၃၄၀၀၀ ကျပ် ကောက်ခံနေရာကနေ အခု ၂၀၀၀၀ ကျပ်၊ 2 Mbps ကို ၃၉၀၀၀ ကျပ်နဲ့ 3 Mbps ကို ၅၅၀၀၀ ကျပ် ကောက်ခံတော့မှာ ဖြစ်ပါတယ်။
အေဒီအက်စ်အယ်လ် တာဝန်ရှိသူ တယောက်က “အေဒီအက်စ်အယ်လ် လျှောက်မယ်ဆိုရင် ဖုန်းစာအုပ် ရှေ့မျက်နှာ မိတ္တူနဲ့ သုံးမယ့်သူရဲ့ မှတ်ပုံတင် မိတ္တူနဲ့ လျှောက်လို့ရပါတယ်။ ကနဦး တပ်ဆင်ခကတော့ ၅ သောင်းကျပ်ပါ။ ဒါမှာ စက်ပစ္စည်းခ မပါ ပါဘူး” လို့ ပြောပါတယ်။
အမြန်နှုန်း တိုးမြှင့်တာတွေကိုတော့ မြို့နယ်အလိုက် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ အမ်ပီတီက ကြေညာထားပါတယ်။