
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်အုပ်စုထဲက ကျေးရွာထဲကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် DMO Local PDF ဒရုန်းတပ်ဖွဲ့ ရဲဘော်က မတ် ၂၉ ရက်မှာ ပြောပါတယ်။
မတ် ၂၈ ရက် နေ့လယ် ၁ နာရီကျော်မှာ ပစ်ကွင်းရှင်းတဲ့အနေနဲ့ နေအိမ်တွေ မီးရှို့တဲ့အတွက် ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
DMO Local PDF ဒရုန်းတပ်ဖွဲ့က ရဲဘော်က “တိုက်ပွဲ မဖြစ်ဘူး။ ကြည့်ရတာ သူတို့က မြင်ကွင်းရှင်းအောင်ဆိုပြီး မီးရှို့လိုက်တဲ့ အနေအထားမျိုးမှာပါ။ အတိအကျတော့ မသိရဘူး။ တွေ့ရသလောက်က ပြည်သူအိမ် အနည်းဆုံး ၅ လုံးပါသွားတာ၊ ဘုန်းကြီးကျောင်းလည်း ပါသွားတာပေါ့” လို့ ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိပေမဲ့ စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်တွေကို မီးလောင်ဗုံးနဲ့ ဗုံးကြဲတာ၊ နေအိမ်မီးရှို့တာ၊ ပစ်ကွင်းရှင်းတာတွေကို မကြာခဏ ပြုလုပ်လေ့ရှိတာကြောင့် ပြည်သူ့နေအိမ်တွေ အများအပြား ပျက်စီးဆုံးရှုံးနေရပါတယ်။
၅ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် ကရင်နီပြည်က ပြည်သူ့နေအိမ်ပေါင်း ၃,၂၉၄ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ဘာသာရေးအဆောက်အအုံ ၆၅ လုံးအထိ ပျက်စီးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က မတ် ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။










