အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ သူ့ကိုယ်သူ ယေရှုခရစ်တော်အသွင် ဖန်တီးထားတဲ့ AI ဓာတ်ပုံကို Truth Social လူမှုကွန်ရက်မှာ တင်ခဲ့ပြီးတဲ့နောက် ဝေဖန်ခံရတာကြောင့် ပြန်ဖြုတ်ချသွားခဲ့ပါတယ်။
AI နဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံမှာ ထရမ့်ပ်ဟာ ဆေးရုံခုတင်ပေါ်မှာ လှဲနေတဲ့ နာမကျန်းဖြစ်နေတဲ့သူကို ကုစားပေးနေတဲ့ ပုံဖော်ထားပါတယ်။
ဒီပုံကြောင့် အမေရိကန်နိုင်ငံရေး နယ်ပယ်နှစ်ဖက်စလုံးက ပြင်းပြင်းထန်ထန် ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ထရမ့်ပ်ထောက်ခံသူတချို့ကပါ ပြစ်တင်ခဲ့ကြပါတယ်။
အမေရိကန်နဲ့ အစ္စရေးရဲ့ အီရန်စစ်ဆင်ရေးအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ ပုပ်ရဟန်းမင်းကြီး လီယို-၁၄ ကို ဝေဖန်တဲ့ စာအရှည်ကြီးတင်အပြီး နာရီပိုင်းအကြာမှာပဲ အဲဒီပုံကို တင်ခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ပ်က ဒီပုံကို သူတင်တာလို့ ဝန်ခံခဲ့ပြီး သူ့ကိုယ်သူ သမားတော် တယောက်လို့ ပုံဖော်တာသာ ဖြစ်တယ်လို့ ဖြေရှင်းပါတယ်။
ဒေါ်နယ်ထရမ့်ပ်က “ဒါဟာ လူနာတွေကို ကုသပေးနေတဲ့ သမားတော်တယောက်အနေနဲ့ ပုံဖော်ထားတာပါ၊ တကယ်လည်း ကျနော်က လူတွေကို ပိုကောင်းမွန်အောင် လုပ်ပေးနေတာပါ” လို့ သတင်းထောက်တွေကို ပြောပါတယ်။
လူတွေ အထင်အမြင်လွဲမှားမှာကို မလိုလားတာကြောင့် ပြန်ဖြုတ်ချခဲ့တာဖြစ်ကြောင်း CBS သတင်းဌာနကို နောက်ပိုင်းမှာ ထပ်မံပြောပါတယ်။
ဒီဓာတ်ပုံကို ခရစ်ယာန်တက်ကြွလှုပ်ရှားသူတွေနဲ့ ဘာသာရေးအခြေပြု သတင်းဌာနတွေကလည်း အကြီးအကျယ် ဝေဖန်ခဲ့ကြတာပါ။
ထရမ့်ပ်ရဲ့ ဝေဖန်မှုကိုခံရတဲ့ ပုပ်ရဟန်းမင်းကြီးကတော့ အမေရိကန်အစိုးရကို ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ဧပြီ ၁၃ ရက်မှာ မိန့်ကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ဘားရတ်အိုဘားမား ဇနီးမောင်နှံကို မျောက်အသွင် ဖန်တီးထားတဲ့ ဗီဒီယိုတခုကို ထရမ့်ပ်ရဲ့ အကောင့်မှာ တင်ခဲ့ပြီးနောက် ပြန်ဖြုတ်ချခဲ့ရပါသေးတယ်။
Source: Reuters










