DVB Logo
Home
မြန်မာသတင်း
အောင်ရေတမံကို ဖျက်ဆီးခဲ့သဖြင့် ဒိုက်ဦးတွင် နွေစပါးစိုက်ဧက ၂၅၀ ကျော် ရေပြတ်
DVB
·
March 13, 2018
အောင်ရေတမံကို ဖျက်ဆီးခဲ့သဖြင့် ဒိုက်ဦးတွင် နွေစပါးစိုက်ဧက ၂၅၀ ကျော် ရေပြတ်
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ရေငန်ချောင်းထဲမှာရှိတဲ့ အောင်ရေတမံကို ဆည်မြောင်းဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့ လာရောက်ဖျက်ဆီးသွားခဲ့တာကြောင့် နွေစပါးစိုက်ဧက ၃၀ ကျော် ပျက်စီးသွားခဲ့သလို ဧက ၂၅၀ ကျော် ရေပြတ်လပ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။

ရှမ်းစုဒိုင်နယ်-နတ်ကင်းဒိုင်နယ်ထဲမှာရှိတဲ့ ရေငန်ချောင်းကို အမှီပြုပြီး နွေစပါးစိုက်ပျိုးနေတဲ့ ကွင်းအမှတ် ၄၄၉ (ကကွင်း) က တောင်သူတွေ ရေရရှိဖို့ ဒိုက်ဦးမြို့နယ် ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ၂၀၁၇ ခုနှစ် ၁၁ လပိုင်းက ကုန်ထုတ်လမ်းနဲ့ အောင်ရေတမံကို စည်းကမ်းချက်နဲ့အညီ တည်ဆောက်ခွင့်ပေးခဲ့တာကြောင့် နွေစပါးစိုက် တောင်သူတွေ ကိုယ်ထူကိုယ်ထ သိန်း ၃၀ ကျော် အကုန်အကျခံကာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

တောင်သူဒေါ်စန်းမွှေးက “ကျမတို့ သူတို့ခိုင်းတဲ့ အလုပ် တောင်းဆိုတဲ့ သတ်မှတ်စည်းကမ်းအတိုင်း လုပ်ပေးခဲ့တယ်။ အောက်ပိုင်းကို ပြွန်သုံးလုံးနဲ့ ရေလွှဲပေးပါဆိုလို့ ရေလွှဲပေးခဲ့တယ်။ အောက်ပိုင်းကို ရေလွှဲပေးတဲ့အခါမှာ ဆည်မြောင်းက ဗိုလ်ကြီးထွန်းထွန်းဝင်း ကိုယ်တိုင် အားလုံး အဆင်ပြေပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ အစ်မတို့က ခိုင်းတဲ့အတိုင်း လုပ်ပေးတဲ့အတွက် တမံကို ဖျက်ဆီးစရာလည်း မလိုပါဘူးဆိုကာ ပြန်သွားပြီး နောက်တနေ့မှာ အင်အားအလုံးအရင်းနဲ့ လာရောက်ဖျက်ဆီးသွားခဲ့တာ” လို့ ပြောပါတယ်။

ဆည်မြောင်းဌာနနဲ့ တမံအောက်ပိုင်းက တောင်သူတွေ ရေလိုအပ်ချက်ကြောင့် ပြွန်သုံးလုံး ချပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် စည်းကမ်းချက်နဲ့အညီ ရေလွဲပြွန်သုံးလုံး ချပေးခဲ့ပေမယ့် ၂၀၁၈ ခုနှစ် ၁ လပိုင်းမှာ ဆည်မြောင်းဦးစီးဌာနရဲ့ စည်းကမ်းချက်တွေနဲ့ ညီညွတ်မှု မရှိလို့ဆိုကာ ကုန်ထုတ်လမ်းနဲ့ အောင်ရေတမံကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် အင်အား ၃၀ ကျော်က အဓမ္မဝင်ရောက်ဖျက်ဆီးသွားခဲ့တာလို့ ဆိုပါတယ်။

တောင်သူ ၄၁ ဦးရဲ့ နွေစပါးစိုက်ဧကက ၄၀၀ ကျော်ဟာ အဆိုပါ အောင်ရေတမံကို မှီခိုအသုံးပြုနေရပြီး တမံကို ရေရောက်ရှိချိန် ၅ ရက်လောက်မှာ လာရောက်ဖျက်ဆီးသွားခဲ့တဲ့အတွက် ဧက ၄၀၀ ထိ ရေပြည့်မီခြင်း မရှိတော့ဘဲ ဧက ၂၈၀ ကျော်လောက်သာ စိုက်ပျိုးနေရပြီး ဧက ၃၀ လောက် ပျက်စီးသွားခဲ့ရတယ်လို့ တောင်သူတွေက ပြောပါတယ်။

တောင်သူဦးအောင်မြင့်က “ခုဆို ကျနော်တို့ စိုက်ပျိုးထားတဲ့ လယ်ဧက ၃၀ လောက် လုံးဝ ပျက်စီးသွားခဲ့ရပြီး ကျန်တဲ့ဧက ၂၅၀ ဟာ ပိန်လှီနေတာကြောင့် မပျက်စီးရအောင် စက်နဲ့ ရေမောင်းသွင်းနေရတယ်။ စက်နဲ့ ရေမောင်းသွင်းတာ ၁ လကို ငါးကြိမ် ခြောက်ကြိမ်လောက် သွင်းနေရတယ်။ လယ်တဧကကို ရေတခါသွင်းရင် ၁၂၀၀၀ ကျပ် ပေးရတဲ့အတွက် လယ်တဧကကို ၁၈၀၀၀၀ ကျပ်ကနေ ၁၉၀၀၀၀ ကျပ်ထိ ကုန်ကျနေရတယ်။ လက်ရှိ စိုက်နေတဲ့ စပါးကလည်း မသေရုံတမယ် ရေသွင်းနေရတဲ့အတွက် ဒီစပါးကလည်း ပိန်လှီပြီး တရာကျော် ထွက်မယ့် စပါးဟာ ငါးဆယ် ခြောက်ဆယ်လောက်ပဲ၊ မသေတဲ့စပါးတွေက အဲဒီလောက်ပဲ ထွက်တော့မှာ ဖြစ်တဲ့အတွက် ကျနော်တို့ တောင်သူတွေ တော်တော်ဒုက္ခရောက်နေရတယ်”လို့ ပြောပါတယ်။

၂၀၁၇-၂၀၁၈ ခုမှာ ရေငန်ချောင်းမှာ ဆည်မြောင်းဦးစီးဌာနက ခွင့်ပြုထားတဲ့ တမံပိတ် လေးခုရှိပြီး အခုဖြစ်ပွားနေတဲ့ တမံဟာရေငန်ချောင်းမှာ အထက်ဆုံး ကျရောက်နေပြီး သတ်မှတ် ဆည်မြောင်းစည်းကမ်းနဲ့အညီ မလိုက်နာတဲ့အတွက် အောက်လယ်သမားတွေက အောင်ရေ မရရှိကြောင်း တင်ပြလာတာကြောင့် ဆည်မြောင်းဦးစီးဌာနက ကွင်းဆင်းစစ်ဆေးရာမှာ တမံ အထက် အောက် ရေခြားနားမှုဟာ ၄ ပေ လောက်ရှိနေတဲ့အတွက် သတ်မှတ် စည်းကမ်းနဲ့အညီ ဆောင်ရွက်ဖို့ ညှိနှိုင်းခဲ့ပေမယ့် လိုက်နာမှု မရှိခဲ့တာကြောင့် အောက်ပိုင်းက လယ်သမားတွေ တိုင်ကြားလာတဲ့အအပေါ် ရှမ်းစုကျေးရွာလယ်ဆည်က တမံကို ဖျက်သိမ်းပေးဖို့ ဆည်မြောင်းဦးစီးဌာနကို တင်ပြလာတဲ့အတွက် ဖျက်သိမ်းလိုက်တာလို့ ဒိုက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။

ဒိုက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ညီက “နစ်နာမှုအတွက် သူတို့အနေနဲ့ တမံပြန်ပိတ်ချင်တယ်ဆို ပြန်ပိတ်ခွင့် လျှောက်ခိုင်းထားပါတယ်။ ဆည်မြောင်းဦးစီးဌာနကို ပြန်လျှောက်ပါ။ တရားဝင် သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့အနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး” လို့ ဆိုပါတယ်။

နွေစပါးစိုက်တောင်သူတွေ တမံဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ကျေနပ်မှု မရှိတဲ့အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ပဲခူးတိုင်းဝန်ကြီးချုပ်တို့ဆီ တင်ပြတိုင်ကြားထားပေမယ့် အခုချိန်ထိ ကွင်းဆင်းစစ်ဆေးတာ မရှိဘူးလို့ တောင်သူတွေဆီက သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013