
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတန်ချိန် ၁ သန်းလောက် တင်ပို့နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းဆီကနေ သိရပါတယ်။
ထိုင်းနိုင်ငံကို ဖေဖော်ဝါရီလကနေ ဩဂုတ်လအထိ နှစ်စဉ် မြန်မာ့ပြောင်းတွေကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတယောက်က “ဒီနှစ်မှာ ထိုင်းနိုင်ငံကို ပြောင်းနည်းနည်းပိုပြီး တင်ပို့နိုင်ခဲ့ပါတယ်။ အခွန်ကင်းလွတ်ခွင့်ကာလလည်း ပြီးဆုံးပြီဆိုတော့ တခြားဈေးကွက်တွေကို တင်ပို့ဖို့ လုပ်နေတယ်။ လက်ရှိ ပြောင်းဈေးကလည်း အခွန်ကာလ ကင်းလွတ်ခွင့် ကုန်သွားပေမဲ့ ဈေးကတော့ အမြင့်ပိုင်းမှာ ဆက်ရှိနေသေးတယ်” လို့ ပြောပါတယ်။
ရန်ကုန်၊ ကော့သောင်း၊ ရနောင်းနဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေတဆင့် ထိုင်းနိုင်ငံကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံကို အဓိကတင်ပို့ပြီး ထိုင်းနိုင်ငံရဲ့ အကောက်ခွန် ကင်းလွတ်ခွင့်ကာလ ပြီးဆုံးသွားတာကြောင့် ဖိလစ်ပိုင်နိုင်ငံကို ဆက်လက် တင်ပို့သွားမယ်လို့ သိရပါတယ်။
လက်ရှိကာလမှာလည်း ပြည်တွင်းအစာစက်ရုံတွေက ပြောင်းဝယ်ယူမှု မြင့်တက်လာတာကြောင့် ပြည်တွင်းဈေးကွက်မှာ ပြောင်းဈေးနှုန်းက အမြင့်ပိုင်းမှာ ရှိနေပါတယ်။
ပြည်တွင်း မြန်မာ့အစေ့ထုတ်ပြောင်းဈေးကွက်မှာ လက်ရှိ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ပေါက်ဈေးအရ ပြောင်းတပိဿာကို ၁,၄၈၀ ကျပ်ကနေ ၁,၇၆၀ ကျပ် ဝန်းကျင်ရှိနေပြီး ပြည်ပကို တင်ပို့တဲ့ FOB ဈေးနှုန်းကတော့ တတန်ကို ဒေါ်လာ ၂၄၀ ကနေ ၂၅၀ ဝန်းကျင်နဲ့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။











