
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မဇူလိုင် ၁၈ ရက်ကစလို့ ရေကြီးရေလျှံနေတဲ့အပြင် မြေပြိုကျတာတွေ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ညကတည်းက ရေတက်လာပြီး နှစ်ထပ်နေအိမ်တွေလည်း နစ်မြုပ်တော့မဲ့ အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က "တထပ်အိမ်တွေတော့ မြုပ်သွားပြီ။ နှစ်ထပ်အိမ်တွေက ၁၅ ပေ အမြင့် တွေရှိတယ်လေ။ အဲဒီဟာတွေလည်း အကုန်မြုပ်လာတယ်” လို့ DVB ကိုပြောပါတယ်။
မှော်ဝမ်းရပ်ကွက်မှာတော့ မြေပြိုကျပြီး နေအိမ်တွေအပေါ်မြေစာတွေပိတာရှိသလို ဥရုချောင်းတလျှောက်၊ ငှက်ပျောတော၊ အေးမြသာယာ၊ မှော်ဝမ်းရပ်ကွက်တို့မှာ ရေနစ်မြုပ်နေတာပါ။
ဒေသခံတယောက်က “မြေပြိုတာကို အခုပဲ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်နေကြတယ်။ လူထိခိုက်တာတော့မရှိဘူး။ ရေကတော့ ဆက်တက်နေတုန်းပဲ။ ဒီရေက စံချိန်တင်မဲ့ အခြေအနေရှိတယ်” လို့ ပြောပါတယ်။
ဒေသခံတချို့ဟာ စာသင်ကျောင်းတွေမှာ ပြောင်းရွှေ့နေကြပြီး နေအိမ်အမြင့်နဲ့ နေထိုင်သူတွေကတော့ ရေအခြေအနေကို ဆက်ပြီး စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လကလည်း ဖားကန့်မှာ ရေကြီးရေလျှံခဲ့သေးပြီး အနိမ့်ပိုင်းမှာနေထိုင်တဲ့ဒေသခံတွေ ပြောင်းရွှေ့ခဲ့ကြရပါတယ်။











