ဆော်ဒီအာရေဗျရဲ့ ထောက်ခံချက်ရ ယီမင်အစိုးရတပ်ဖွဲ့က စက်တင်ဘာ ၂၇ ရက်မှာ ယီမင်နိုင်ငံ ထိုက်ဇ်မြို့ကို တိုက်ခိုက်ခဲ့ပြီးနောက် အဆောက်အအုံတခုမှာ မီးခိုးတွေထွက်နေတာကို တွေ့ရပါတယ်။
တိုက်ခိုက်မှုတွေက အရပ်သားတွေကို ထိတ်လန့်စေခဲ့တယ်လို့ လူမှုကွန်ရက်မှာ တင်ထားတဲ့ ဗီဒီယိုတခုမှာ မျက်မြင်သက်သေတယောက်က ပြောထားပါတယ်။
ပြည်သူ့လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အခြေအနေတွေလည်း ပျက်ပြားခဲ့ရတယ်လို့ ပြောပါတယ်။
ဗီဒီယိုမှာ တွေ့ရတဲ့ အဆောက်အအုံတွေ၊ လမ်းပုံစံနဲ့ တောင်တန်းတွေက ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ကိုက်ညီနေလို့ တည်နေရာကို အတည်ပြုခဲ့ပါတယ်။
တနင်္ဂနွေနေ့က ထိုက်ဇ်မြို့ရဲ့ ဈေးတခုအတွင်း ဆိုင်ခန်းတွေကို တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် လူ ၇ ယောက် သေဆုံးပြီး အယောက် ၄၀ ဒဏ်ရာရခဲ့တယ်လို့ ယီမင်နိုင်ငံထဲက ဟူသီအုပ်စု ထိန်းချုပ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဟူသီ စစ်သွေးကြွတွေဟာ မကြာသေးမီက စျေးနားမှာ စစ်စခန်းတခု တည်ဆောက်ထားခဲ့တယ်လို့ ယီမင်အစိုးရဘက်က စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
ထိုက်ဇ်မြို့ရဲ့ မာဝီယာလမ်းဆုံနားမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တာလို့ နှစ်ဖက်လုံးက ပြောပါတယ်။
တိုက်ခိုက်မှုရဲ့ တိကျတဲ့ ပစ်မှတ်က ဘာလဲဆိုတာ လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုတာ မလုပ်နိုင်သေးပါဘူး။
ယီမင်ကိစ္စနဲ့ ပတ်သက်ပြီး အီရန်အနေနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှု မရှိဘူးလို့ အီရန်သမ္မတ မာဆွတ်ဒ် ပေဇက်ရှ်ကီယံက အယ်လ်ဂျာဇီးယား သတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းမှာ စက်တင်ဘာ ၂၆ ရက်က ပြောခဲ့ပါတယ်။
အခြေအနေက အီရန်နဲ့ မသက်ဆိုင်ဘဲ အီရန်က ဖိနှိပ်ခံရသူတွေအပေါ် စာနာနားလည်မှုသာ ရှိတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
ဆော်ဒီနဲ့ ယီမင်နိုင်ငံသားတွေကိုလည်း အချင်းချင်း တိုက်ခိုက်သင့်ကြတဲ့သူတွေ မဟုတ်တဲ့ ညီအစ်ကိုတွေလို့ အီရန်သမ္မတက ခေါ်ဆိုခဲ့ပြီး ပဋိပက္ခကို ပိုကြီးထွားစေမဲ့အစား ဖြေရှင်းပေးဖို့ အီရန်က အသင့်ရှိနေတယ်လို့ ဆိုပါတယ်။
ဒေသတွင်းနိုင်ငံတွေက လုံခြုံရေးကို ကိုယ်တိုင်ထိန်းသိမ်းနိုင်စွမ်းရှိတယ်၊ ဒေသတွင်း ထိန်းချုပ်သူ တယောက် လိုတယ်ဆိုတဲ့ အယူအဆကို ပယ်ချခဲ့ပြီး လက်တွဲပူးပေါင်းဆောင်ရွက်ကြဖို့ ပင်လယ်ကွေ့နဲ့ အာရပ်နိုင်ငံတွေ အပါအဝင် မွတ်စလင်နိုင်ငံအားလုံးကို တိုက်တွန်းခဲ့ပါတယ်။
Source: Reuters










