
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကမ်းနားလမ်းမှာဆောက်လုပ်ထားတဲ့ တိုင်းသင်္ကြန် ဗဟိုမဏ္ဍပ် ရုတ်တရက် ပြိုကျပြီး လူတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပုသိမ် ဗဟိုသင်္ကြန်မဏ္ဍပ်ဟာ ဧပြီ ၁၁ ရက် ည ၉ နာရီ လောက်က ပြိုကျခဲ့တာဖြစ်ပြီး အမျိုးသားတယောက် ဦးခေါင်းနဲ့ လက်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ပုသိမ် ပြည်သူ့ဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံယူနေရ ပါတယ်။
ပုသိမ်မြို့ခံ အမျိုးသမီးတယောက်က “မိုးရွာ လေပြင်းတိုက်တာလည်း မရှိဘူး။ ရုတ်တရက်ပြိုကျတာ။ ခိုင်ခံ့မှုအားနည်းတာကြောင့် ပြိုကျတာဖြစ်နိုင်တယ်။ လူတယောက် ဒဏ်ရာရတယ်။ မစိုးရိမ်ရပေမဲ့ ဆေးကုသမှုခံယူနေရတယ်” လို့ ပြောပါတယ်။
တိုင်းသင်္ကြန်ဗဟိုမဏ္ဍပ် ပြိုကျတဲ့နေရာကို စစ်အာဏာရှင်တပ်၊ ရဲတွေနဲ့ စည်ပင်တာဝန်ရှိသူတွေ ရောက်လာပြီး မဏ္ဍပ်အနီးက ကမ်းနားလမ်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ ပုသိမ်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ပြိုကျတဲ့အချိန် လူအသွားအလာနည်းလို့၊ မဟုတ်ရင် သေဆုံးမှုတွေ၊ ထိခိုက်မှုတွေ များနိုင်တယ်။ ပြိုကျသွားတဲ့မဏ္ဍပ်က သစ်သားတွေ၊ သံချောင်းတွေကို လူအင်အားသုံး ဆွဲထုတ်နေကြတယ်။ သင်္ကြန်မဏ္ဍပ်ကို ချက်ချင်းအမြန်ပြန်ဆောက်ဖို့ စစ်တပ်က ဖိအားပေးနေတယ်” လို့ပြောပါတယ်။
ပုသိမ်မြို့ရဲ့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်မှာ တိုင်းဗဟို သင်္ကြန်မဏ္ဍပ်နဲ့အတူ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွေ၊ စတုဒီသာမဏ္ဍပ်တွေ၊ ရေကစားမဏ္ဍပ်တွေ၊ သနပ်ခါးသင်္ကြန်မဏ္ဍပ်တွေ၊ လက်ဖက်သင်္ကြန်မဏ္ဍပ်တွေကို တနေရာတည်း စုစည်း တည်ဆောက်ထားတာဖြစ်ပြီး တိုင်းအဆင့်ဗဟို မဏ္ဍပ်တခုတည်း ပြိုကျတာလို့ သိရပါတယ်။










