
ဇွန် ၁၉ ရက်နေ့ ကျရောက်မဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် လှုပ်ရှားတဲ့ ပြည်တွင်းပြည်ပက လှုပ်ရှားမှုမှန်သမျှကို ထောက်ခံကြိုဆိုကြောင်း မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) က ဇွန် ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ရှိကြတဲ့ မြန်မာ့ပြည်သူလူထုတွေက လူထုခေါင်းဆောင်နဲ့ နိုင်ငံရေး အကျဥ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် တရားသောနည်းလမ်းတွေနဲ့ ဆန္ဒထုတ်ဖော် ပြသမှု မျိုးစုံတွေ ပြုလုပ်နေတာကို ထောက်ခံကြိုဆိုကြောင်း ဖော်ပြထားပါတယ်။
BLC အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းအောင်က “ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်မရှိဘဲ ထိန်းသိမ်းထား၊ ချုပ်နှောင်ထားခံရတဲ့အပေါ်မှာ အမြန်ဆုံး လွတ်မြောက်ပေး၊ လွှတ်ပေးဖို့ ဆိုတဲ့ တောင်းဆိုမှုတွေ အပါအဝင် မွေးနေ့ရှင် ကိုယ်တိုင် မရှိပေမဲ့လည်း Global Birthday Celebration ကို တကမ္ဘာလုံးဆိုင်ရာ ကျင်းပနေတယ်ဆိုတဲ့ အခြေအနေမျိုးတွေကို ကျနော်တို့ တွေ့ရတယ်။ အဲဒီတော့ ဒီတောင်းဆိုမှုကိုလည်း ဥပဒေအရ ကြည့်မယ်ဆိုလို့ရှိရင် မှန်ကန်တဲ့ တောင်းဆိုမှု ဖြစ်တယ်။ ဒီနေ့ လှုပ်ရှားမှုကို ကြည့်တဲ့အခါကျတော့ တကယ့်ကို အံ့ဩစရာကောင်းလောက်တဲ့ အထိ တကမ္ဘာလုံးကနေပြီးတော့ တခဲနက် လုပ်တဲ့အတွက် ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံရှေ့နေများကောင်စီ အနေနဲ့က လေးလေးနက်နက်နဲ့ ဒါ ကြိုဆိုထောက်ခံပြီးတော့ အားလုံးကို ကျနော်တို့ အသိအမှတ်ပြု လေးစား တန်ဖိုးထားပါတယ် ဆိုတာလေးကို အဲဒီ သဘောထားလေးကို အခြေပြုပြီးတော့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားတာက မြန်မာနိုင်ငံရဲ့ ဘယ်လို ဥပဒေနဲ့မှ ကိုက်ညီမှုမရှိတဲ့ မတရားဖမ်းဆီးမှု ဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့နေများကောင်စီက အလေးပေးဖော်ပြထားပြီး အခုအချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးတဲ့အပြင် အကျဉ်းသား အခွင့်အရေးတရပ်ဖြစ်တဲ့ မိသားစုနဲ့ ဆက်သွယ်ခွင့်ကိုပါ ပိတ်ပင်ထားတာဟာ အာဏာသိမ်းအစိုးရရဲ့ ဥပဒေမဲ့လုပ်ရပ် ဖြစ်ကြောင်းကိုလည်း ဝေဖန်ပြောဆိုထားပါတယ်။
ဒီအတွက်ကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် တရားသောနည်းလမ်းတွေနဲ့ ဆန္ဒထုတ်ဖော် လှုပ်ရှားမှုတွေကို ကြိုဆိုထောက်ခံကြောင်းနဲ့ နိုင်ငံတကာ အစိုးရတွေ၊ အဖွဲ့အစည်းတွေနဲ့ သံတမန်တွေ အနေနဲ့လည်း ဒီလှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်ကာ ဝန်းရံအားပေးပြီး ကာကွယ်စောင့်ရှောက်ပေးဖို့ကိုလည်း မေတ္တာရပ်ခံထား ပါသေးတယ်။










