
တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့လယ်မှာ စက်တင်ဘာ ၃ ရက်က ပြုလုပ်ခဲ့တဲ့ "သန့်ရှင်းရေး လှုပ်ရှားမှု"အတွင်း တောင်အာဖရိက ရွှေ့ပြောင်းအခြေချသူဆန့်ကျင်ရေးအဖွဲ့ဝင်တွေ၊ ရွှေ့ပြောင်း နေထိုင်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
ဒါဇင်နဲ့ချီတဲ့လူတွေဟာ တံမြက်စည်းတွေနဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို ကိုင်ဆောင်ကာ မြို့လယ်ခေါင်တဝိုက် လှည့်လည်ဆန္ဒပြနေတာကြောင့် ရဲတပ်ဖွဲ့က အနီးကပ် စောင့်ကြည့်ခဲ့ပါတယ်။
ရွေ့ပြောင်းဆန့်ကျင်အဖွဲ့ဝင်တွေကတော့ တိုင်းပြည်ကိုချစ်တဲ့ စေတနာနဲ့ လာရောက် ရှင်းလင်းတာ ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူတွေက လမ်းလျှောက်လမ်းပေါ်မှာ ဒုက္ခသည်စခန်းလို စခန်းချကာ နေရာဦးထားကြတာကြောင့် လမ်းသွားလမ်းလာတွေ သွားရခက်နေတယ်လို့ စွပ်စွဲထားပါတယ်။
တဖက်မှာလည်း ရွှေ့ပြောင်းနေထိုင်သူတွေက သူတို့ကို စာရွက်စာတမ်းစစ်ဖို့ မြို့တော်ဝန်ကိုယ်တိုင် ဒီနေရာကို ခေါ်ဆောင်လာပြီးနောက်မှာ ပစ်ထားခဲ့တာဖြစ်ကြောင်း၊ အလုပ်ပြုတ်ပြီး အိမ်မဲ့ဖြစ်ကာ လမ်းဘေးရောက်နေရတဲ့အပြင် အခုလို လာရိုက်နှက်တာကိုလည်း ခံနေရတယ်လို့ ပြောပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာဌာနက စာရွက်စာတမ်း စစ်ဆေးပြီးသား တရားဝင်နေထိုင်သူတွေ ဖြစ်ပါလျက်နဲ့ ဘာကြောင့် အခုလို လိုက်တိုက်ခိုက်နေရသလဲဆိုတာကိုလည်း မေးခွန်းထုတ်ထား ကြပါတယ်။
အဲဒီလိုကနေ လှုပ်ရှားမှုအတွင်း တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး ရဲတပ်ဖွဲ့၊ ဆန္ဒပြသူတွေနဲ့ ရွှေ့ပြောင်း နေထိုင်သူတွေအကြား ထိတွေ့ခိုက်ရန် ဖြစ်ပွားခဲ့တာပါ။
ဒေသတွင်းသတင်းဌာန News24 ရဲ့ ဖော်ပြချက်အရ ဒီဖြစ်စဉ်ကြောင့် ရဲအရာရှိ တယောက် အပါအဝင် ၂ ယော် ဒဏ်ရာရရှိခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူတယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီအဖွဲ့ဟာ ဒီနှစ်အစောပိုင်း ဇွန် ၃၀ ရက်တုန်းက လူထုအာရုံစိုက်မှု အတော်လေးရခဲ့တဲ့ ဆန္ဒပြပွဲကြီးတခုကို ပြုလုပ်နိုင်ခဲ့ပြီး လူအစုအဝေးကြီးကို ဆွဲဆောင်နိုင်ခဲ့တာပါ။
ဒါပေမဲ့နောက်ပိုင်းလတွေမှာတော့ ပါဝင်သူဦးရေ နည်းပါးလာခဲ့ပြီး လတ်တလောပွဲတွေမှာ လူနည်းနည်းပဲ တက်ရောက်ကြတော့တာပါ။
တက်ရောက်သူ နည်းသွားပေမဲ့ မနေ့လှုပ်ရှားမှုမှာတော့ ဒါဇင်နဲ့ချီတဲ့ ထောက်ခံသူတွေဟာ ဒါဘန်မြို့လမ်းမတွေပေါ် ထွက်လာခဲ့ကြပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကို လက်မခံကြောင်းနဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကို ပိုမိုတင်းကျပ်စွာ စီမံခန့်ခွဲဖို့ ထပ်မံတောင်းဆိုခဲ့ကြပါတယ်။
Source:Reuters











