ပြင်သစ်နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို တည်ငြိမ်ဖို့နဲ့ စနစ်တကျရှိဖို့ လိုအပ်တယ်လို့ ပြင်သစ်သမ္မတ မက်ခရွန်က ရုပ်သံမိန့်ခွန်းမှာ တောင်းဆိုလိုက်ပါတယ်။
ဆန္ဒပြပွဲတွေကနေ အဓိကရုဏ်းပုံစံ ပြောင်းလဲခဲ့ပြီး လုယက်မှုတွေလည်း အောက်တိုဘာ ၁၇ ရက်က ဖြစ်ပွားခဲ့သလို တနင်္ဂနွေနေ့အထိ ပါရီမြို့လမ်းတွေပေါ်မှာ မီးရှို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဆန္ဒပြပွဲတွေ အရှိန်မမြင့်ဖို့ မက်ခရွန်က သတိပေးပြောဆိုခဲ့ပြီး “ကျနော်တို့အားလုံး အရှက်ရမှုတွေ၊ ဒေါသတွေဖြစ် ခံစားရတယ်” လို့လည်း ထည့်သွင်းပြောပါတယ်။
ကျောင်းတွေအပါအဝင် လူမှုဝန်ဆောင်မှု ယိုယွင်းမှုတွေနဲ့ နေထိုင်မှုစရိတ် မြင့်တက်လာခြင်း၊ လောင်စာဆီဈေးနှုန်း တက်လာခြင်းတို့ကို ဆန္ဒပြဖို့ လူပေါင်း ၅၅၀,၀၀၀ လောက် လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ဆန္ဒပြပြီး တရားဝင်တောင်းဆိုမှုတွေနဲ့ ဖျက်ဆီးတာတွေ၊ လုယက်တာတွေကို ခွဲခြားရမယ်လို့လည်း မက်ခရွန်က ဆိုပါတယ်။
ဆန္ဒပြပွဲတွေက အကြမ်းဖက်မှုတွေကို ဦးတည်လာပြီး ရဲတပ်ဖွဲ့က လူပေါင်း ၂,၄၀၀ ကို ဖမ်းဆီးထားတယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင် ၁,၀၀၀ လောက် စနေနေ့က ဒဏ်ရာရခဲ့ပြီး ၇ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ ဝန်ကြီးဌာနက ဖော်ပြပါတယ်။
အဓိကရုဏ်းမှာ ပါဝင်တဲ့သူတွေဟာ အမည်းရောင်ဝတ်စုံ၊ မျက်နှာဖုံး masks တွေ တပ်ပြီး ကားမီးရှို့တာတွေ၊ အဆောက်အအုံ ဖျက်ဆီးမှုတွေကို အုပ်စုဖွဲ့ လုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။
ပါရီနဲ့ မာဆေးမြို့ အပါအဝင် တခြားမြို့တွေမှာလည်း အခုလို အဖြစ်အပျက်တွေ ဖြစ်နေတာပါ။ တနင်္ဂနွေနေ့ကအထိ ပါရီမြို့ နေရာတချို့နဲ့ လိုင်ယွန်မြို့တို့မှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ထိတွေ့မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
AFP သတင်းကတော့ ရဲတပ်ဖွဲ့ဟာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး ပါရီမြို့က ဆန္ဒပြသူ ရာပေါင်းများစွာကို လူစုခွဲခဲ့ကြောင်းနဲ့ ဆန္ဒပြသူတွေက ပုလင်းတွေ၊ ကျောက်ခဲတွေနဲ့ ပြန်လည်ပစ်ပေါက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါဟာ ခေတ်သစ်ပြင်သစ်သမိုင်းမှာ အကြီးဆုံး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာပဲ ဖြစ်ပါတယ်။











