
အီရန်အနေနဲ့ အဓိက ဟော်မုဇ်ရေလက်ကြားကို ဖွင့်မလား ဒါမှမဟုတ် သဘောတူညီချက် မရရင် အီရန်ကို တိုက်ခိုက်တာတွေ ပြင်းထန်လာမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဧပြီ ၄ ရက်မှာ ထပ်ပြီးခြိမ်းခြောက်ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ပ်က“သဘောတူဖို့ ဒါမှမဟုတ် ဟော်မုဇ်ရေလက်ကြားကိုပြန် ဖွင့်ဖို့ အီရန်ကို ၁၀ ရက် အချိန် ပေးခဲ့တာ မှတ်မိလား။ အချိန်ကုန်တော့မယ်၊ ငရဲအားလုံး သူတို့အပေါ် ကြီးစိုးလွှမ်းမိုးဖို့ ၄၈ နာရီပဲ လိုတော့တယ်။ ဘုရားသခင် ဘုန်းတော်ထင်ရှားစေသတည်း!"လို့ Truth Social လူမှုကွန်ရက်မှာ ပြောပါတယ်။
အီရန်နဲ့ ပင်လယ်ကွေ့ဒေသမှာ ပစ်ချခံခဲ့ရတဲ့ စစ်လေယာဉ် ၂ စင်းထဲက တစင်းကနေ ပျောက်ဆုံးနေတဲ့ အမေရိကန်လေယာဉ်မှူးကို အီရန်တပ်ဖွဲ့တွေက ရှာနေချိန်မှာ ထရမ့်ပ်ကခုလို ပြောခဲ့တာပါ။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အလားအလာ နည်းပါးနေတဲ့ စစ်ပွဲဟာ သီတင်းပတ် ၆ ပတ်မြောက်ကို ရောက်နေချိန်မှာ အမေရိကန် အစိုးရအတွက် အန္တရာယ်တွေ မြင့်တက်လာပါတယ်။
ရန်လိုတာတွေ ဆက်ဖြစ်နေချိန်မှာ အီရန်က ဟော်မုဇ်ရေလက်ကြားမှာ အစ္စရေးနဲ့ ဆက်စပ်နေတဲ့ သင်္ဘောတစင်းကို ဒရုန်းတစင်းနဲ့ တိုက်ခိုက်ခဲ့ပြီး သင်္ဘောကို မီးရှို့ခဲ့တယ်လို့ တော်လှန်ရေးအစောင့်တပ်ရဲ့ ရေတပ်တပ်မှူးကို ကိုးကားပြီး အီရန်နိုင်ငံပိုင် မီဒီယာက စနေနေ့မှာ ဖော်ပါတယ်။
Photo: Reuters











