
ဟူသီတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအားလုံးကို ပြန်သိမ်းဖို့ အလုံးစုံစစ်ဆင်ရေး စတင်လိုက်ပြီလို့ နိုင်ငံတကာအသိအမှတ်ပြု ယီမင်အစိုးရက အောက်တိုဘာ ၄ ရက်မှာ ကြေညာပါတယ်။
ယီမင်သမ္မတ ရာရှတ် အယ်လ်အလီမီက “ဒီနေ့ကစပြီး ကျန်ရှိနေတဲ့ နိုင်ငံပိုင်နယ်မြေတွေကို ပြန်သိမ်းပြီး တနိုင်ငံလုံးမှာ နိုင်ငံတော်အာဏာ ပြန်လည်သက်ရောက်စေဖို့ စစ်ဆင်ရေး စတင်ကြောင်း ကြေညာပါတယ်” လို့ ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။
ဟူသီတွေက ပြီးခဲ့တဲ့လမှာ ပင်လယ်နီကမ်းရိုးတန်း နေရာအများစုကို သိမ်းယူခဲ့ပါတယ်။ ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဘာ့ဘ်အယ်လ်မန်ဒပ် ရေလက်ကြားကိုလည်း ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ယီမင်အစိုးရဘက်က အခုလို ကြေညာလာတာဖြစ်ပါတယ်။
လက်ရှိ အဓိကတိုက်ပွဲတွေက အစိုးရထိန်းချုပ်ထားဆဲ တိုင်ဇ်မြို့တဝိုက်မှာ ဖြစ်နေပါတယ်။
ဟူသီတွေက တိုင်ဇ်နဲ့ ယာယီမြို့တော် အေဒင်ကို ဆက်သွယ်ထားတဲ့ အရေးပါတဲ့ ထောက်ပံ့ရေးလမ်းကြောင်းကိုလည်း ဖြတ်တောက်ထားပါတယ်။
နိုင်ငံတကာအသိအမှတ်ပြု ယီမင်အစိုးရကို ဆော်ဒီအာရေဗျက အဓိကပံ့ပိုးပေးထားပြီး ဟူသီပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။
တဖက်မှာ ဟူသီတပ်ဖွဲ့တွေကို အီရန်က နှစ်ပေါင်းများစွာ ကူညီထားပြီး လက်နက်၊ ဒုံးကျည်နဲ့ ဒရုန်းနည်းပညာ၊ စစ်ရေးလေ့ကျင့်မှုတွေ ပံ့ပိုးထားတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဟူသီတွေက ဆော်ဒီရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ရီယာ့ဒ်နဲ့ ခူရိုင်စ်က Aramco ရေနံစက်ရုံတွေကို ပဲ့ထိန်းဒုံးကျည်နဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ဟူသီတပ်ဖွဲ့တွေဟာ မြို့တော် ဆာနာအာနဲ့ နိုင်ငံမြောက်ပိုင်း နယ်မြေအများအပြားကို ၂၀၁၄ ခုနှစ်ကတည်းက ထိန်းချုပ်ထားပါတယ်။
ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ကတော့ ၂၀၁၅ ခုနှစ်မှာ ယီမင်စစ်ပွဲထဲ စစ်ရေးအရ တိုက်ရိုက်ဝင်ရောက်ခဲ့ပါတယ်။
နှစ်အတော်ကြာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ပေမဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခ ကျယ်ပြန့်လာတာနဲ့အမျှ ဒီနှစ် ဇူလိုင်လကစပြီး ယီမင်စစ်ပွဲ ပြန်လည်ပြင်းထန်လာပါတယ်။










