
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်းရှိ လုံကျန်း ရေအားလျှပ်စစ်စက်ရုံရဲ့ ရေသိုလှောင်ကန်အတွင်း ရေပြည့်လုနီးပါး ဖြစ်လာတာကြောင့် ရေပိုလွှဲတံခါးဖွင့်ပြီး ရေထုတ်လွှတ်မယ်လို့ အသိပေးထားပြီး မြစ်အောက်ပိုင်းမှာ နေထိုင်သူတွေနဲ့ မြစ်ကြောင်းအသုံးပြုသူတွေ သတိထားဖို့ သတိပေးထားပါတယ်။
နယ်စပ်ဒေသခံ လူငယ်တယောက်က “ရေဖွင့်ချမယ်လို့ ပြောတာ။ လုံကျန်း ရေအားလျှပ်စစ်လေ။ ရေပြည့်ခါနီးပြီ။ ရေလွှတ်တော့မယ် ထင်တယ်” လို့ ပြောပါတယ်။
လုံကျန်း ရေအားလျှပ်စစ်စက်ရုံက ထုတ်ပြန်တဲ့ အသိပေးစာအရ အနောက်တောင် လေပွေလှိုင်းနဲ့ မုတ်သုံလေစနစ် ပူးပေါင်းသက်ရောက်မှုကြောင့် ဩဂုတ် ၃ ရက်ကနေ ၆ ရက်အထိ တယ်ဟုန်ခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး လုံကျန်းမြစ်ထဲကို သဘာဝရေဝင်ရောက်မှု များလာနိုင်တဲ့အတွက် ရေကန်ရေမှတ်ဟာ သတ်မှတ်ထားတဲ့ မိုးရာသီ အမြင့်ဆုံးရေမှတ်နီးပါး ရောက်ရှိလာတာကြောင့် ရေကန်ကို လုံခြုံတဲ့ရေမှတ်အောက်မှာ ထိန်းထားနိုင်ဖို့ ဩဂုတ် ၃ ရက် ည ၈ နာရီခွဲဝန်းကျင်ကစပြီး ရေပိုလွှဲတံခါးဖွင့် ရေထုတ်လွှတ်မယ်လို့ ဖော်ပြထားပါတယ်။
ရေထုတ်လွှတ်ချိန်မှာ လျှပ်စစ်ထုတ်လုပ်မှုနဲ့ ရေပိုလွှတ်မှု စုစုပေါင်း ရေစီးနှုန်းဟာ တစက္ကန့်ကို ကုဗမီတာ ၄၀၀ ကနေ ၁,၀၀၀ အထိ ရှိနိုင်တယ်လို့လည်း အသိပေးထားပါတယ်။
နယ်စပ် ကုန်သည်တယောက်က လုံကျန်း ရေအားလျှပ်စစ်စက်ရုံရဲ့ တည်နေရာနဲ့ ရွှေလီမြစ်ကို သက်ရောက်နိုင်ပုံကို အခုလို ပြောပါတယ်။
“လုံကျန်းဆိုတာ မံစီနဲ့ လုံချွမ် ကြားထဲမှာလေ။ အဲဒီမှာ မြစ်တခုရှိတယ်။ အဲမှာ ရေအားလျှပ်စစ် ရေကာတာတခု လုပ်ထားတာရှိတယ်။ ရွှေလီမြစ်ထဲ ရောက်တယ်။ လုံကျန်းချောင်းနဲ့ မံစီချောင်း ဆုံပြီးမှ ရွှေလီမြစ် ဖြစ်သွားတာလေ။”
တရုတ်အာဏာပိုင်တွေကတော့ မြစ်အောက်ပိုင်းရှိ ဒေသန္တရအစိုးရတွေနဲ့ သက်ဆိုင်ရာဌာနတွေကို မြစ်ကြောင်းတလျှောက် နေထိုင်သူတွေကို ကြိုတင်အသိပေးဖို့၊ မြစ်ထဲဆင်း ရေဆော့တာ၊ ငါးဖမ်းတာ၊ သဲတူးဖော်တာနဲ့ တခြား မြစ်တွင်းလုပ်ငန်းတွေကို ယာယီရပ်နားဖို့ ညွှန်ကြားထားပါတယ်။
ဒါ့အပြင် ရေစီးနှုန်း မြန်လာနိုင်တဲ့အတွက် မြစ်ကမ်းအနီး သွားလာတာတွေကို ရှောင်ရှားပြီး လူအသေအပျောက်နဲ့ ပစ္စည်းဆုံးရှုံးမှု မဖြစ်ပေါ်စေဖို့ သတိထားကြဖို့လည်း အသိပေးထားပါတယ်။
လုံကျန်းမြစ်ဟာ မံစီမြစ်နဲ့ ပေါင်းဆုံပြီး ရွှေလီမြစ်အဖြစ် စီးဆင်းတဲ့ မြစ်ကြောင်းဖြစ်တာကြောင့် ရေထုတ်လွှတ်မှုတွေကြောင့် ရွှေလီမြစ်အောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ဒေသတချို့မှာ ရေတက်လာနိုင်ကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။










