
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ နိုင်ငံအသင်းကနေ အနားယူဖို့ စဉ်းစားခဲ့ပေမဲ့ ပေါ်တူဂီအသင်းကို အကူအညီ ဆက်ပေးချင်တဲ့အပြင် ကစားသမားဘဝ သွင်းဂိုး ၁,၀၀၀ ပြည့်ချင်တဲ့ ရည်မှန်းချက်ကြောင့် ဆက်လက် ကစားသွားမယ်လို့ ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြောင်း BBC အားကစားသတင်းက ဖော်ပြပါတယ်။
ဒါ့အပြင် နေးရှင်းလိဂ်ဖလားကို ၃ ကြိမ်မြောက် ရယူနိုင်ရေးဟာလည်း သူ့ရဲ့ ရည်မှန်းချက်တခု ဖြစ်တယ်လို့ ရော်နယ်ဒိုက ပြောပါတယ်။
အသက် ၄၁ နှစ်အရွယ် အယ်လ်နာဆာ တိုက်စစ်မှူးဟာ လာမဲ့ ကြာသပတေးနေ့ လစ္စဘွန်းမြို့မှာ ဝေးလ်အသင်းနဲ့ ကစားမဲ့ နေးရှင်းလိဂ်ပွဲစဉ်အတွက် နည်းပြ ဂျော့ချ်ဂျေဆုစ် ရွေးချယ်ထားတဲ့ ပေါ်တူဂီ ကစားသမား ၂၅ ယောက် စာရင်းမှာ ပါဝင်လာတာပါ။
သူ့အနေနဲ့ သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ နောက်ထပ် ၂၁ ဂိုးသာ လိုအပ်ပါတော့တယ်။
ကမ္ဘာ့ဖလားအပြီး နိုင်ငံအသင်းကနေ အနားယူဖို့ စဉ်းစားခဲ့ပေမဲ့ နည်းပြ၊ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတို့နဲ့ ဆွေးနွေးပြီးနောက် အသင်းကို ကွင်းတွင်းကွင်းပြင်ကနေပါ ထောက်ကူပေးနိုင်သေးတယ်လို့ ယုံကြည်ကြောင်း သူကဆိုပါတယ်။











