DVB Logo
Home
မြန်မာသတင်း
တရားမ၀င် ရွှေတူးဖော်ရာတွင် သုံးသည့် စက်ယန္တရားများ မဖမ်းဆီးဘဲ ငွေကောက်ခံနေ
DVB
·
December 3, 2017
တရားမ၀င် ရွှေတူးဖော်ရာတွင် သုံးသည့် စက်ယန္တရားများ မဖမ်းဆီးဘဲ ငွေကောက်ခံနေ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ တရားမဝင်ရွှေတူးဖော်ရာမှာ အသုံးပြုနေတဲ့ စက်ယန္တရားတွေကို မြို့နနယ်အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေအနေနဲ့ ဖမ်းဆီးစစ်ဆေးတာ၊ တားဆီးတာတွေမလုပ်ဘဲ မြို့ဝင်ကြေးအနေနဲ့ ငွေကြေးကောက်ခံနတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေတူးဖော်တဲ့နေရာမှာ ဘက်ဟိုး၊ ဒိုဇာ စတဲ့ စက်ယန္တရားကြီးတွေကို အများဆုံး အသုံးပြုကြတာဖြစ်ပြီး ယာဉ်တစီးကို မြို့ဝင်ကြေး ၈ သိန်း ကနေ ၁၂ သိန်းအထိ အမျိုးအစားခွဲပြီး ကောက်ခံမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒေါ်အေး (ရွှေကျင်ချစ်သူများအသင်း)က “ကျမတို့ ရွှေကျင်မြို့မှာစပြီး မွေးလာကတည်းက ဒီသယံဇာတ တူးဖော်မှုဟာ ရွှေကျင်သူရွှေကျင်သားတွေရဲ့ ထမင်းစားရေသောက် ဖြစ်ခဲ့တယ်။ အရင်က လက်ယက်တွင်းလေးတွေနဲ့ တူးဖော်ခဲ့ကြတာပါ။ အခုချိန်မှာ စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေကြတယ်။ တိုးတက်တဲ့ စွမ်းအားစုလို့ ခေါ်ရမှာပေါ့။ ရွှေကျင်သူရွှေကျင်သား တယောက်က ၁ နှစ်လောက် ရွှေတူးဖော်ရမယ့်နေရာမှာ စက်ယန္တရားကြီးတွေနဲ့ ၁ လလောက်ပဲ လုပ်လိုက်တဲ့အချိန်မှာ သဘာဝပတ်ဝန်းကျင်ဟာ တအားပျက်စီးလာတယ်။ ဒါတွေကို တားမြစ်စေချင်တယ်” လို့ ပြောပါတယ်။

စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှုကြောင့် ရွှေကျင်မှာရှိတဲ့ ဌာနေတိုင်းရင်းသားတွေ အနေနဲ့ စီးပွားပျက်လောက်အောင် သဘာဝပတ်ဝန်းကျင်က ပျက်စီးနေသလို ရွှေကျင်ချောင်း၊ မဒမချောင်းမှာ ရေတွေနောက်ပြီး ရေချိုရှားပါးလာမှု ပြဿနာဒေသအချို့ ကြုံနေရပြီး မျိုးစိပ်တွေသုဉ်းတာ၊ ဂေဟစနစ်တွေ ပျက်စီးတာ၊ တောတောင်တွေပြုန်းတီးလာမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ စက်ယန္တရားတွေကို ငွေကြေးကောက်ခံမှုတွေ ရှိနေပေမယ့် ကျန်တဲ့ ဌာနဆိုင်ရာတွေကို ထပ်မံပေးနေရတာကြောင့် မြို့တွင်းဖြတ်သန်းခဟာ အရင်ကထက် အဆမတန် များနေသလို ရရှိလာတဲ့ ငွေကြေးအပေါ်အမှာ ပွင့်လင်းမြင်သာစွာ ချပြမှုတွေမရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

“ဒီရွှေလုပ်ငန်းတွေဟာ တရားဝင်လား မဝင်လားမသိရဘူး။ ဘယ်သူတွေ ခွင့်ပြုချက်နဲ့ လုပ်နေကြတာလဲ၊ ဘယ်သူ့ခွင့်ပြုချက်နဲ့ ဒီငွေတွေ ကောက်ခံနေတာလဲဆိုတာ မသိရဘူး။ သူတို့က စာရွက်စာတမ်းနဲ့ ကောက်တော့ကောက်တာပဲ။ ရွှေလုပ်ငန်းရှင်တွေအနေနဲ့ ကျန်တဲ့ဌာနဆိုင်ရာတွေကိုပါ ထပ်ပေးနေရတယ်။ အရင်ဖြတ်သန်းနေတဲ့ ကုန်ကျစရိတ်နဲ့ အခုဖြတ်သန်းနေတဲ့ ကုန်ကျစရိတ်က ပိုများနေတယ်။ ဈေးကပိုတက်လာတယ်။ ရလာတဲ့ ငွေကြေးကို ဘယ်ခေါင်းစဉ်နဲ့ အသုံးပြုမယ်၊ ဘယ်မှာအသုံးချမယ်ဆိုတာ ပွင့်ပွင့်လင်းလင်း မသိရဘူး” လို့ ရွှေလူငယ်အသင်းမှ ကိုနေမျိုးက ပြောပါတယ်။

သယံဇာတဝန်ကြီးလာတဲ့အခါမှာ ဥပဒေနဲ့အညီ စနစ်တကျခွင့်ပြုမပေးနိုင်သေးတဲ့ စက်လမ်းတွေ သတ္တုတူးဖော်မှုဆိုင်ရာတွေမှာ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး ကော်မတီ အဖွဲ့နဲ့ တရားမဝင်ကန့်သတ်ပစ္စည်းတွေ ထိန်းသိမ်းတားဆီးရေးကော်မတီကို အစိုးရအဖွဲ့က ဖွဲ့ခိုင်းထားပါတယ်။

ဒီအဖွဲ့တွေက တရားမဝင်သွားလာမှုတွေကို ထိန်းသိမ်းရင်းနဲ့ မြို့နယ်ရဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ လိုအပ်ရင်အသုံးပြုဖို့အတွက် အလှူငွေတွေ ကောက်ခံပြီး အများပွင့်လင်းမြင်သာအောင် ဒါတွေကို ဘဏ်မှာထည့်ပြီးတော့ ကော်မတီ ဆုံးဖြတ်ချက်နဲ့ သွားပါဆိုတာကို ညွှန်ကြားထားပြီးသား ဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ဒီဗွီဘီကိုပြောပါတယ်။

ရွှေကျင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက “ကော်မတီ ၂ ရပ်ရှိတယ်။ ကော်မတီ ၂ ရပ်ကလည်း ဌာနဆိုင်ရာအများစုနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါတယ်။ ကော်မတီအတိုင်းပဲ အများဆုံးဖြတ်ချက်နဲ့ ဒီရလာတဲ့ငွေကြေးအပေါ် စည်းကမ်းစနစ်တကျဖြစ်ရေး တရားဥပဒေနဲ့ အညီဖြစ်ရေး စည်းမဲ့ကမ်းမဲ့ဖြစ်နေတဲ့အနေအထားတွေထက် စည်းနဲ့ကမ်းနဲ့ဖြစ်အောင် ဒီအဖွဲ့တွေရဲ့ စည်းကမ်းအတိုင်းပဲအားလုံးကဆုံးဖြတ်ပြီးတော့ လုပ်တယ်ရရှိတဲ့ရန်ပုံငွေကို သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးရေးနေရာတွေမှာ အသုံးပြုဖို့ ဘဏ်မှာထည့်ထားတယ်” လို့ ပြောပါတယ်။

မနှစ်က ရွှေတူးဖော်ရေးလုပ်ငန်းတွေမှာ အသုံးပြုသွားတဲ့ စက်ယန္တရား အစီးရေ ၈၀၀ လောက်ထိရှိခဲ့ပြီး ရွှေကျင်မြို့နယ်မှာ မိုးရာသီကုန်ဆုံးပြီးချိန်မှစလို့ ဆောင်းရာသီနဲ့ နွေရာသီမှာ ရွှေတူးဖော်တဲ့လုပ်ငန်းကို အရှိန်အဟုန်မြှင့် တူးဖော်နေကြတာ ဖြစ်ပြီး ဒေသခံလုပ်ငန်းရှင်တွေပါသလို တခြားမြို့နယ်တွေမှ ရွှေလုပ်ငန်းရှင်တွေလည်း လာရောက်တူးဖော်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း-နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013