
ဘိုလီးဗီးယားနိုင်ငံ အရှေ့ပိုင်းဆန်တာ ခရူးဇ်ပြည်နယ်မှာ ဘရာဇီးလ် မူးယစ်ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်နွှယ်နေတဲ့ အကြမ်းဖက်မှု လှိုင်းလုံးကြီးကြောင့် ၅ ရက်အတွင်း အနည်းဆုံး လူ ၉ ယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဘိုလီးဗီးယားကနေ နိုင်ငံတကာဈေးကွက်ဆီ ကိုကင်းမှောင်ခိုကူးတဲ့ လမ်းကြောင်းကို စိုးမိုးဖို့ ဘရာဇီးရဲ့ နာမည်ဆိုးထွက် ဂိုဏ်းကြီး ၂ ခုဖြစ်တဲ့ ကိုမန်းဒိုး ဗဲရ်မဲလ်ယိုးနဲ့ ပရီမေးရိုး ကိုမန်းဒိုး ဒါ ကာပီတယ်လ်တို့ နယ်မြေလု တိုက်ခိုက်ကြရာကနေ ဒီသတ်ဖြတ်မှုတွေ စတင်ခဲ့တာလို့ အစိုးရဝန်ကြီး မာခိုအန်တိုနီယိုအိုဗီယေဒိုက ဩဂုတ် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ဝန်ကြီးက ဒီလိုအခြေအနေကို ဒီအတိုင်း ပစ်မထားဘဲ ထိထိရောက်ရောက် တုံ့ပြန်နှိမ်နင်းသွားမယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်မှာ ဘိုလီးဗီးယားအာဏာပိုင်တွေဟာ ဆန်မာတီးယားစ် နယ်စပ်မြို့ဆီ ရဲနဲ့ စစ်သည်အင်အား ၂၀၀ ကျော် ရွှေ့ပြောင်းတပ်စွဲလိုက်ပါတယ်။
တိုက်ခိုက်မှု တခုမှာ ဒီအကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ ရဲအရာရှိ တယောက်ပါ သေဆုံးခဲ့ရပြီး သူ့ရဲ့ ရုပ်ကလာပ်ကို ဂုဏ်ပြုဖို့ ဆန်တာခရူးဇ်ရဲဌာနချုပ်ဆီ သယ်ဆောင်လာခဲ့ကြပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ထောက်လှမ်းရေးနဲ့ သတင်းအချက်အလက်တွေ အပြန်အလှန် အချိန်နဲ့တပြေးညီ စီးဆင်းနေဖို့ ဘရာဇီး အစိုးရဘက်က ထောက်ပံ့ပို့ဆောင်ရေး ကူညီနိုင်ဖို့အတွက် ဘရာဇီးဖက်ဒရယ်ရဲတပ်ဖွဲ့ရဲ့ အမြဲတမ်းရုံးခွဲတခုကို ဘိုလီးဗီးယားမှာ ဖွင့်လှစ်သွားမှာဖြစ်သလို ဘိုလီးဗီးယား ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ဘရာဇီးမှာ စေလွှတ် တပ်စွဲသွားမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ စာရင်းဇယားတွေအရ ဘိုလီးဗီးယားဟာ ကိုလံဘီယာနဲ့ ပီရူး ပြီးရင် ကမ္ဘာ့တတိယမြောက် ကိုကင်းအများဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်။
Source: Reuters










