၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဥရောပချန်ပီယံ စပိန်အသင်းက လက်ရှိ ချန်ပီယံအာဂျင်တီးနားအသင်းကို အချိန်ပိုမှာ (၁-၀) ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီရှိ မက်လိုက်ဖ်အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ စပိန်အသင်းက အာဂျင်တီးနားဘက်ကို တချိန်လုံးထိန်းချုပ်ဖိကစားသွားခဲ့ပြီး ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း စပိန်အသင်းက ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ကန်သွင်းမှုတွေ အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ပေမဲ့ အာဂျင်တီးနား ဂိုးသမား မာတီနက်ဇ် လက်စွမ်းပြကာကွယ် နိုင်ခဲ့တာကြောင့် ဂိုးမရဘဲရှိနေခဲ့ပါတယ်။
ပွဲချိန် ၉၃ မိနစ်မှာတော့ အာဂျင်တီးနားကစားသမား ဖာနန်ဒက်စ်ဟာ စပိန်နောက်ခံလူနဲ့ ရင်ဆိုင်တွေ့ပြီး ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တာကြောင့် အဝါကတ် ထပ်ပြခံရပြီး ၂ ဝါ ၁ နီနဲ့ အထုတ်ခံရပါတယ်။
အချိန်ပိုဆက်ကစားကြရာမှာတော့ အာဂျင်တီးနားအသင်းက လူ ၁၀ ယောက်နဲ့ ဆက်လက်ကစားရပြီး စပိန်အသင်းက ဆက်လက်ဖိအားပေးကစားသွားခဲ့ကာ ပွဲချိန် ၁၀၆ မိနစ်မှာတော့ နီကိုးလ်ဝီလျံ ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို ဖာရန်တောရက်စ်က အမှားမယွင်းမရှိ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီနောက် ဖာရန်တောရက်စ်က အာဂျင်တီးနားဂိုးသမားနဲ့ တယောက်ချင်းတွေ့ပြီး နောက်ထပ်တဂိုး သွင်းခွင့်ရခဲ့ပေမဲ့ လူကျွံဘောဖြစ်နေတဲ့အတွက် ဂိုးမရခဲ့ပါဘူး။
ဒီပွဲမှာ အာဂျင်တီးနားအသင်းက စပိန်ဘက်ကို ဂိုးပေါက်ကန်သွင်းမှုတွေ ခြိမ်းခြောက်မှုတွေ လုပ်မပြနိုင်ခဲ့သလို အခုနှစ်ကမ္ဘာ့ဖလားမှာ သွင်းဂိုး ၆ ဂိုးသွင်းထားတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီလည်း ဒီပွဲမှာ ခြေစွမ်းမပြနိုင်ဘဲ စပိန်ကစားသမားတွေက အကောင်းဆုံးထိန်းချုပ် ကစားသွားနိုင်ခဲ့ပါတယ်။
စပိန်ကတော့ ၂၀၁၀ မှာ ဗိုလ်စွဲခဲ့ဖူးခဲ့ပြီး အခု ဒုတိယအကြိမ် မြောက်ဗိုလ်စွဲတာဖြစ်သလို ဥရောပချန်ပီယံဖလားရော ကမ္ဘာ့ဖလားချန်ပီယံဖလားပါ အခုနှစ်မှာ ရရှိသွားတာဖြစ်ပါတယ်။
အာဂျင်တီးနားကတော့ ၁၉၇၈၊ ၁၉၈၆ နဲ့ ၂၀၂၂ ခုနှစ်တွေမှာ ကမ္ဘာ့ဖလား ၃ ကြိမ်ဗိုလ်စွဲဖူးပြီး ၄ ကြိမ်မြောက် ကမ္ဘာ့ဖလားရဖို့ အိပ်မက်အဆုံးသတ်သွားခဲ့တာပါ။
ဒီနေ့ကစားတဲ့ ဗိုလ်လုပွဲအားလပ်ချိန်မှာ ပထမဆုံးအကြိမ်အဖြစ် Halftime show ကိုထည့်သွင်းကျင်းပခဲ့တာမှာ ကမ္ဘာကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ မက်ဒေါနာ၊ ရှာကီရာ၊ ဂျက်စတင်ဘီဘာနဲ့ ကိုရီးယား ကေပေါ့ပ်အဖွဲ့ BTS တို့ ဖျော်ဖြေခဲ့ကြပါတယ်။
ဒီပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၊ မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘန်း၊ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး၊ စပိန်ဘုရင်ဖိလစ်ပီတို့ ပွဲကြည့်လာရောက်ကြည့်ရှုခဲ့ကြတဲ့အတွက် အားကစားကွင်း လုံခြုံရေး တိုးမြှင့်ချထားခဲ့ပါတယ်။











