DVB Logo
Home
မြန်မာသတင်း
မြန်မာခရိုနီ ဦးကိုကိုလတ်ကို အိုက်စလန်က ကောင်စစ်ဝန်ရာထူးကနေ ရုပ်သိမ်းမှု JFM ကြိုဆို
DVB
·
May 30, 2026
ဦးကိုကိုလတ် (ဝဲ) နှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ (ယာ) (Photo: MOFA-Myanmar)
ဦးကိုကိုလတ် (ဝဲ) နှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ (ယာ) (Photo: MOFA-Myanmar)
Donate to DVB

မြန်မာခရိုနီယောက်ဖြစ်တဲ့ ဦးကိုကိုလတ်ကို အိုက်စလန်နိုင်ငံက ကောင်စစ်ဝန်ရာထူးကနေ ရုပ်သိမ်း လိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ Justice For Myanmar (JFM) အဖွဲ့က မေ ၂၉ ရက်မှာ ထုတ်ပြန် လိုက်ပါတယ်။

ဦးကိုကိုလတ်ဟာ အိုက်စလန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရာထူးမှာ သီတင်း ၁၁ ပတ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် မိမိဆန္ဒအလျောက် နုတ်ထွက်စာတင်ခဲ့ရပြီး သူ့ရဲ့ ရာထူးကို မေ ၁၅ ရက်ကစလို့ တရားဝင် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း အိုက်စလန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားတယ်လို့ JFM က ဆိုပါတယ်။

ဥရောပသမဂ္ဂ (EU) က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အဖွဲ့အစည်းတွေအပါအဝင် ဦးကိုကိုလတ်ရဲ့ စစ်အုပ်စုနဲ့ စီးပွားရေးပတ်သက်နေမှုတွေအကြောင်း ဖော်ပြထားတဲ့ စာတစောင်ကို Justice For Myanmar အဖွဲ့က ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့တုန်းက အိုက်စလန်နိုင်ငံခြားရေးဝန်ကြီး သောဂါဒူ ကာထရင် ဂန်နာဒေါရ်ကီဆီ ပေးပို့ခဲ့တာဖြစ်ပါတယ်။

သူ့ကို ကောင်စစ်ဝန်ရာထူးကနေ ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကာ  အဲဒီနောက်ပိုင်း အိုက်စလန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် အခုလို ရာထူး ရုပ်သိမ်းမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အဆိုပါပေးစာထဲမှာ အိုက်စလန်နိုင်ငံမှာပါ အကျုံးဝင်တဲ့ EU ရဲ့ ဒဏ်ခတ်ပိတ်ဆို့ မှုစာရင်းဝင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)၊ စစ်အုပ်စုထိန်း ချုပ်ထားတဲ့ မြန်မာ့ သစ်လုပ်ငန်း (MTE) တို့နဲ့ ဦးကိုကိုလတ်တို့ကြား စီးပွားရေးဆက်ဆံလုပ်ကိုင်နေတဲ့ အသေးစိတ် အချက်အလက်တွေကို JFM က ဖော်ပြခဲ့ပါတယ်။

မြန်မာ့သစ်လုပ်ငန်း (MTE) ဆိုတာ နိုင်ငံတကာမှာ အရောင်းရသွက်တဲ့ မြန်မာကျွန်းသစ်အပါအဝင် သစ်ရောင်းချမှုတွေကနေတဆင့် စစ်အုပ်စုအတွက် ဝင်ငွေအမြောက်အမြား ရှာဖွေပေးနေတဲ့ အဓိက အရင်းအမြစ်တခုပါ။ 

MTE ဆီကနေ သစ်ဝယ်ယူတာတွေဟာ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်ဆင်ရေးတွေကို ငွေကြေးထောက်ပံ့ရာရောက်ပြီး စစ်အုပ်စုဟာ အထူးသဖြင့် အတုအယောင် ရွေးကောက်ပွဲမတိုင်မီနဲ့ အဲဒီနောက်ပိုင်း သူတို့ရဲ့အမည်တွေ ပြောင်းလဲလုပ်ကိုင်နေတဲ့ တလျှောက် အကြမ်းဖက်မှုတွေကို ပိုပြီး အရှိန်မြှင့် လုပ်ဆောင်လာခဲ့တယ်လို့လည်း ဆိုပါတယ်။

အလားတူပဲ စပ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် (MEHL) ကိုလည်း အဆိုပါ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေက တိုက်ရိုက်ပိုင်ဆိုင်ထားပြီး ဒါကို သူတို့ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ စစ်တပ်ဆက်လက်ရှင်သန် ရေးအတွက် အသုံးချနေတာပါ။

ဦးကိုကိုလတ်ကို ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခဲ့တာဟာ မြန်မာပြည်သူတွေ ၅ နှစ် ကျော်ကြာ ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်နေတဲ့ တရားမဝင်စစ်အုပ်စုကို မမှန်ကန်တဲ့ တရားဝင်မှု ပေးအပ်ရာ ရောက်ခဲ့ပါတယ်။ 

ဦးကိုကိုလတ်ဟာ သူ့ရဲ့ ကောင်စစ်ဝန်ခန့်အပ်လွှာကို ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်က စစ်အုပ်စုရဲ့ အဲဒီအချိန်က နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဆီ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တရားမဝင်စစ် အုပ်စုဆီ ကောင်စစ်ဝန်ခန့်အပ်ခဲ့တဲ့ အိုက်စလန်ရဲ့ ဆုံးဖြတ်ချက်ဟာ ကြိုတင်စိစစ်မှု အလွန်အမင်း ပျက်ကွက်ခဲ့တာကို ပြသနေပြီး ရွေးချယ်ခံရသူကလည်း ကိုကိုလတ်ဖြစ်နေတာက အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို အကောင်အထည်ဖော်ရာမှာ ဆိုးရွားတဲ့ ကျရှုံးမှုတခု ဖြစ်စေခဲ့ပါတယ်။ အိုက်စလန်နိုင်ငံအနေနဲ့ အခုလို ရာထူးကို အလျင်အမြန် ပြန်လည် ရုပ်သိမ်းပေးခဲ့တာကို ကြိုဆိုပြီး ဒါဟာ တခြားအစိုးရတွေ လိုက်နာသင့်တဲ့ စံနမူနာကောင်းတခုပါ။ ကိုကိုလတ်အနေနဲ့ စစ်အုပ်စုပိုင် လုပ်ငန်းတွေနဲ့ စီးပွားရေး ဆက်လုပ်နိုင်နေတာဟာ သူ့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ မရှိသေးတာကြောင့်ဖြစ်လို့ နိုင်ငံတကာအနေနဲ့ ကိုကိုလတ်နဲ့ K K Business Group ပိုင်ရှင်တွေ၊ ဒါရိုက်တာတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းချ မှတ်ဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

ဦးကိုကိုလတ်ကတော့ JFM ရဲ့ ပေးစာအပေါ် တုံ့ပြန်ရာမှာ ကောင်စစ်ဝန်အသိအမှတ်ပြုတဲ့ လုပ်ငန်းစဉ်ဟာ "အရင်အစိုးရလက်ထက်" ကတည်းက စတင်ခဲ့တာဖြစ်ပြီး MEHL နဲ့ MTE တို့နဲ့ ဘာစီးပွားရေးမှ မလုပ်ဆောင်ဖူးကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ Justice For Myanmar က ဒီနေ့ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ ဦးကိုကိုလတ်ရဲ့ ငြင်းဆိုချက်တွေဟာ သူ့ရဲ့ ကိုယ်ပိုင်ကုမ္ပဏီစာရွက်စာတမ်းတွေ၊ စစ်အုပ်စုရဲ့ မှတ်တမ်းတွေနဲ့ သူ့ရဲ့ ကိုယ်ပိုင်လူမှုကွန်ရက်တွေ၊ ကုမ္ပဏီဝက်ဘ်ဆိုက်က အချက်အလက်တွေနဲ့ တိုက်ရိုက် ဆန့်ကျင် ကွဲလွဲနေတာကို ဖော်ပြထားပါတယ်။

အစီရင်ခံစာအရ ဦးကိုကိုလတ် ပိုင်ဆိုင်ပြီး ဦးဆောင်နေတဲ့ K K Business Group ဟာ ရန်ကုန်မြို့က Central Hotel ကို MEHL ဆီကနေ ၁၅ နှစ်စာချုပ်နဲ့ ငှားရမ်းလုပ်ကိုင်နေပြီး ဒီအချက် ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတုန်းက စစ်အုပ်စု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဆီ သူကိုယ်တိုင် လက်မှတ်ရေးထိုး တင်သွင်းခဲ့တဲ့ သွင်းကုန်ခွင့်ပြုမိန့်လျှောက်လွှာမှာ အတည်ပြုထားတယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ ကိုကိုလတ်ကတော့ Central Hotel မှာ ကြက်ကြော်ဆိုင်တဆိုင်ပဲ ရှိတာပါလို့ ပြောဆို ထားပါတယ်။

ဒါ့အပြင် JFM က ရရှိထားတဲ့ ပေါက်ကြားလာတဲ့ သစ်လေလံမှတ်တမ်းတွေအရ ကိုကိုလတ်ဟာ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေအတွင်း မြန်မာ့သစ်လုပ်ငန်း (MTE) ဆီကနေ သစ်အများဆုံး ဝယ်ယူခဲ့တဲ့ ကုမ္ပဏီ ၄၀ ကျော်ထဲမှာ အကြီးဆုံး ဝယ်ယူသူ ဖြစ်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း နိုင်ငံတကာကို သစ်တင်ပို့မှုတွေ ဆက်လုပ်ခဲ့ပြီး တရားမဝင် မြန်မာ့သစ်တွေ EU ဆီ ဝင်ရောက်ရာ ကြားခံလမ်းကြောင်းဖြစ်တဲ့ တူရကီနိုင်ငံဆီ ကျွန်းသစ် တင်ပို့မှုတွေ ပါဝင်ခဲ့ပါတယ်။ 

ဒါပေမဲ့ ကိုကိုလတ်ကတော့ သူဟာ သစ်ကုန်သည်မဟုတ်သလို MTE ထံကလည်း သစ် မဝယ်ဖူးပါဘူးလို့ ငြင်းဆိုထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းဝန်ဆောင်မှုကုမ္ပဏီတခုနဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ထုတ်ယူရေး ကုမ္ပဏီတခုကို ထပ်မံတည်ထောင်ခဲ့ပါတယ်။

လေကြောင်းလုပ်ငန်းဟာ မြန်မာလေတပ်ကို ဝန်ဆောင်မှုပေးရလေ့ရှိတဲ့ အန္တရာယ်မြင့် ကဏ္ဍဖြစ်ပြီး ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကလည်း စစ်အုပ်စုအတွက် နိုင်ငံခြားငွေ အများဆုံးရှာပေးနေတဲ့ ကဏ္ဍ ဖြစ်ပါတယ်။

K K ကုမ္ပဏီတွေရဲ့ စာရွက်စာတမ်းတွေအရ သူတို့ဟာ အမေရိကန်၊ ကနေဒါနဲ့ သြစတြေးလျတို့က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) က ဘဏ်စာရင်းတစ်ခုကတဆင့် စီးပွားရေးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ K K Business Group က စစ်အုပ်စုနဲ့ စီးပွားရေး ဆက်လုပ်နေတာတွေနဲ့ ချမှတ်ထားတဲ့ ဒဏ်ခတ်ပို့ဆို့မှုတွေကို ထိခိုက်စေတာတွေကြောင့် ဦးကိုကိုလတ် အပါအဝင် K K Business Group နဲ့ သူ့ရဲ့ အဓိကတာဝန်ရှိသူတွေကို ပစ်မှတ်ထားဒဏ်ခတ်ပို့ဆို့မှုတွေ ချမှတ်ပေးဖို့ အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေကို JFM က တောင်းဆို လိုက်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013