
ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး တန်ဖိုးရှိ ဇိမ်ခံ အိမ်ခြံမြေဝယ်ယူမှုနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိသားစုနဲ့ အားပေးကူညီသူတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်း အရေးယူဖို့ ထိုင်းအာဏာပိုင်တွေကို Justice For Myanmar အဖွဲ့က မတ် ၂၅ ရက်မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုဟာ ၂၀၂၂ ခုနှစ်မှာ ဘန်ကောက်မြို့ရှိ Issara Residence Rama 9 အိမ်ရာစီမံကိန်းမှာ ဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး) တန်ဖိုးရှိ ဇိမ်ခံအိမ်ရာတလုံးကို ဝယ်ယူခဲ့တာလို့ Justice For Myanmar က စုံစမ်းစစ်ဆေး ထုတ်ပြန်လိုက်တာပါ။
ဒီအိမ်ရာကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Charn Issara Development အများပိုင်ကုမ္ပဏီက ရောင်းချခဲ့ကာ ထိုင်းနိုင်ငံသား ၃ ယောက် ပိုင်ဆိုင်တဲ့ Emerald Princess ကုမ္ပဏီထံသို့ လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး ဒီကုမ္ပဏီဟာ မလွှဲပြောင်းမီ တပတ်အလိုကမှ တည်ထောင်ခဲ့တဲ့ မင်းအောင်လှိုင် မိသားစုရဲ့ ကြားခံရုပ်ပြကုမ္ပဏီတခုလို့ ဆိုပါတယ်။
အိမ်ရာဝယ်ယူမှုကို မင်းအောင်လှိုင်ရဲ့ ချွေးမ မျိုးရတနာထိုက်ရဲ့ အမည်နဲ့ ညှိနှိုင်းလုပ်ဆောင်ခဲ့တာ ဖြစ်လို့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မျိုးရတနာထိုက်နဲ့ မင်းအောင်လှိုင်ရဲ့ ဇနီးဖြစ်သူ ကြူကြူလှတို့ကို ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့လည်း တိုက်တွန်းပါတယ်။
အိမ်ရာဝယ်ယူရာမှာ အသုံးပြုခဲ့တဲ့ ငွေတွေဟာ အကျင့်ပျက်ခြစားမှုတွေကနေ ရရှိလာတာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ ထိုင်းနိုင်ငံ၏ မြေယာပိုင်ဆိုင်မှုဥပဒေ၊ နိုင်ငံခြားစီးပွားရေးလုပ်ငန်းအက်ဥပဒေတို့အရ ရာဇဝတ်ပြစ်မှုများ မြောက်နိုင်တယ်လို့ ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေအနေနဲ့ သက်ဆိုင်ရာ ဥပဒေတွေအရ ဒဏ်ငွေချမှတ်တာ၊ တရားစွဲဆိုတာနဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာအပါအဝင် မင်းအောင်လှိုင်နဲ့ သူ့မိသားစုဝင်တွေ၊ စစ်အုပ်စုခရိုနီ ထွန်းမင်းလတ်၊ Emerald Princess ကုမ္ပဏီ၊ Charn Issara ကုမ္ပဏီနဲ့ သူတို့ရဲ့ စီမံခန့်ခွဲမှုတွေကို ချက်ချင်းစုံစမ်းစစ်ဆေးပေးဖို့လည်း Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။











