
ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်မှာ မတ် ၃၁ ရက်က စစ်မှုထမ်းတပ်သား ၂ ယောက် လက်နက် ခဲယမ်းတွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ (ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့) က ဒီနေ့ ဧပြီ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကြို့ပင်ကောက် ရဲကင်းစခန်းမှာ တာဝန်ကျနေတဲ့ ပစ ၂ ယောက်က အဲဒီရဲကင်းစခန်းကနေ ထွက်ပြေးလာပြီး ကျနော် တို့ဆီကို အလင်းဝင်လာကြတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါ ပြည်သူ့စစ်အဖွဲ့ဝင် (ပစ) ၂ ယောက်နဲ့အတူ MA3 သေနတ်တလက်၊ G3 သေနတ်တလက်၊ 5.56 ကျည် (ကပစထုတ်) ၁၄ တောင့်နဲ့ G3 (7.62) ကျည် ၂၃ တောင့်တို့ ယူဆောင် လာကြတာကြောင့် ဆုကြေးငွေတွေကိုလည်း ချီးမြှင့်ပေးထားတယ်လို့ ဆိုပါတယ်။
ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ရဲ့တပ်ခွဲမှူး ကိုနေမင်းက “သူတို့ ၂ ယောက်မှာ တယောက်က ၁၈ နှစ်၊ တယောက်က ၁၉ နှစ်တွေပဲ ရှိပါသေးတယ်။ ၂ ယောက်လုံး ကြို့ပင်ကောက် မြို့နယ်ထဲက ရွာတရွာက တရွာတည်းသားတွေပါ။ ပေါ်တာဆွဲခံရတာ ၁၅ ရက်လောက်ပဲ ရှိသေးတယ်။ အိမ်ထောင်စုဇယားတွေ ဘာတွေ မရှိလို့ သင်တန်းမပို့ပေးဘဲ စခတွေက သူတို့နဲ့ခေါ်ထားတာ။ ပြီးခဲ့တဲ့လ ၃၀ ရက်နေ့ ည ၂ နာရီလောက်မှာ အဲဒီရဲကင်းထဲမှာ သူတို့နဲ့အတူ ရှိနေတဲ့ စခတွေ မူးရူးပြီး အိပ်နေကြတုန်း သေနတ်တွေနဲ့ ခဲယမ်းတွေခိုးပြီး ထွက်ပြေးလာကြရင်း နောက်တနေ့မနက် ၁၀ နာရီလောက်မှာ ကျနော်တို့ဆီကို ခိုလှုံလာကြတာပါ” လို့ DVB ကို ပြောပါတယ်။
အဆိုပါ လူငယ် ၂ ယောက်ဟာ သူတို့ရဲ့ဆန္ဒအရ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့နဲ့ အတူပူးပေါင်းပြီး စစ်တပ်ကို ပြန်လည်တွန်းလှန်သွားမယ်လို့ ဆိုပါတယ်။
စစ်တပ်လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြသူတွေနဲ့ စစ်တပ်ရဲ့ မတရားပေါ်တာဆွဲခံရပြီး စစ်မှုထမ်းဆောင်နေကြရတဲ့ စစ်မှုထမ်းတပ်သား သစ်တွေအနေနဲ့လည်း နီးစပ်တဲ့ တော်လှန်ရေးတပ် ဖွဲ့တွေနဲ့ အမြန်ဆုံးချိတ်ဆက် အလင်းဝင်ရောက်ကြဖို့ ကြို့ပင်ကောက်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားတယ်လို့ သိရပါတယ်။








