DVB Logo
Home
မြန်မာသတင်း
ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် တနှစ်အတွင်း အသေအပျောက် ၂၅၄ ဦးရှိ
DVB
·
September 27, 2017
ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် တနှစ်အတွင်း အသေအပျောက် ၂၅၄ ဦးရှိ
Donate to DVB

ARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် တနှစ်လောက်ကာလအတွင်းမှာ သေဆုံးသူနဲ့ ပျောက်ဆုံးသူပေါင်း ၂၅၄ ဦး ရှိသွားပြီလို့ အစိုးရက ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် ၂၀၁၆ အောက်တိုဘာ ၉ ရက်မှ ၂၀၁၇ စက်တင်ဘာ ၂၆ ရက်အထိ သေဆုံးသူ ၁၆၃ ဦးနဲ့ ပျောက်ဆုံးနေသူ ၉၁ ဦး၊ စုစုပေါင်း သေဆုံး/ပျောက်ဆုံးသူ ၂၅၄ ဦး ရှိတယ်လို့ ဆိုပါတယ်။

သေဆုံးပျောက်ဆုံးသွားသူတွေထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာကြည့်တိုက်မှူးနဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ ရခိုင်တိုင်းရင်းသားတွေ၊ ဒိုင်းနက်၊ မြို စတဲ့ အပြစ်မဲ့ပြည်သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ၂၀၁၆ အောက်တိုဘာလက တကြိမ်၊ ၂၀၁၇ သြဂုတ်လမှာတကြိမ် နယ်ခြားစောင့်ရဲစခန်းတွေကို အကြမ်းဖက်သမားတွေရဲ့ ဝင်ရောက် တိုက်ခိုက်ခံရမှုတွေ ဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ကနေ အခု ၂၀၁၇ ခုနှစ် သြဂုတ် ၂၄ ရက်အထိ သတ်ဖြတ်ခံရသူပေါင်း ၇၉ ဦးနဲ့ ပျောက်ဆုံးနေသူပေါင်း ၃၇ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ် သြဂုတ် ၂၅ ရက်က တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာတော့ စက်တင်ဘာ ၂၆ ရက် မနေ့ကအထိ ဟိန္ဒူဘာသာဝင်တွေ အပါအဝင် လူပေါင်း ၈၄ ဦး သတ်ဖြတ်ခံရပြီး ၅၄ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာတော့ မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနီးမှာ အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခံရပြီး မြေကျင်းထဲမှာ မြှုပ်ထားတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ အလောင်း ၄၅ လောင်းကို တွေ့ရှိခဲ့ပါတယ်။

ARSA ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သြဂုတ် ၂၅ ရက်ကနေ ၃၀ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲ ၉၀ ကြိမ်ဖြစ်ပွားခဲ့ပြီး ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမား အလောင်း ၃၇၀ လောင်းရရှိကာ ၉ ဦးကို အရှင်ဖမ်းဆီးရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကတော့ သြဂုတ် ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် သေဆုံးသူ ၁၀၀၀ လောက် ရှိနိုင်မယ်လို့ ခန့်မှန်းပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013