DVB Logo
Home
မြန်မာသတင်း
ပေါင်းတလည်မြို့က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရ
DVB
·
June 4, 2026
Photos:  စိုင်းသီဟ ဖေ့စ်ဘွတ်ခ်
Photos: စိုင်းသီဟ ဖေ့စ်ဘွတ်ခ်
Donate to DVB

ပဲခူးတိုင်း၊ ပေါင်းတလည်မြို့က စစ်တပ်ကဖွဲ့စည်းပေးထားတဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နှင်းရေး (ပလကဖ) အဖွဲ့ဝင်တယောက်ဟာ ဇွန် ၃ ရက် ညနေပိုင်းမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတယောက် “ဖမ်းဆီးခံလိုက်ရတဲ့သူက ကျနော်တို့ ပေါင်းတလည်က စစ်တပ်လက်ကိုင်တုတ် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင် စိုင်းသီဟ(ခေါ်)ချိုကြီး ပါ။ မြို့ပေါ်မှာနေတဲ့ ချိုကြီး က ချင်ရုပ်ကုန်းရွာက သူ့အိမ်ကိုပြန်လာရင်းအပြန် ရွာထိပ်နားမှာ အဖမ်းခံရတာ။ ဘယ်အဖွဲ့က ဖမ်းသွားတာလဲဆိုတာတော့ မသိရသေးဘူးဗျ။ သူကလည်းသူပဲလေ။ PDF တွေကို စိန်ခေါ်တယ်။ နောက်ပြီး စစ်တပ်ဘက်ကလုပ်တဲ့ လောင်းကစားဝိုင်းတွေမှာလည်း သူတို့အဖွဲ့ကဘဲ လုံခြုံရေးတွေလုပ်ပေးနေတာ။ ပေါ်တာဆွဲတာလည်း သူတို့တွေပါတယ်” လို့ ပြောပါတယ်။

အဆိုပါ ပလကဖအဖွဲ့ဝင် စိုင်းသီဟ (ခေါ်) ချိုကြီး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ပြည်ခရိုင် ပကဖ ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ချိုကြီးကို ဖမ်းတယ်ဆိုတာ သက်ဆိုင်တဲ့အဖွဲ့ တွေဘက်က သတင်းမထုတ်ပြန်သေးလို့ ကျနော်တို့ဘက်က ကြိုတင်ဖြေကြားပေးလို့ မရသေး ပါဘူးဗျ။ သက်ဆိုင်တဲ့အဖွဲ့တွေဘက်ကတော့ မကြာခင် သတင်းထုတ်ပြန်ပေးပါလိမ့်မယ်” လို့ DVB ကို ပြောပါတယ်။

ပေါင်းတလည်မြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေး (ပလကဖ) အဖွဲ့ဝင် စိုင်းသီဟ (ခ) ချိုကြီး ရဲ့ ဖခင်ဖြစ်သူ ဦးလှမြင့်ဟာလည်း ပေါင်းတလည် ပလကဖ အဖွဲ့ ၂ က ခေါင်းဆောင်တယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်းမှာ ဝန်တင်ဆိပ်ကျေးရွာအနီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လိုက်လံဖမ်းဆီးရာမှာ ထွက်ပြေးတဲ့ အတွက် ပစ်ခတ်ဖမ်းဆီးရင်း နေရာမှာတင်သေဆုံးခဲ့သူလည်း ဖြစ်ပါတယ်။

ပေါင်းတလည်မြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေး (ပလကဖ) အဖွဲ့ဟာ မြို့နယ်အတွင်း ​ပြည်သူတွေကို မတရားပေါ်တာဆွဲဖမ်းဆီးတာတွေကြောင့် ပြည်သူတွေ ကြောက်လန့်နေရတဲ့ အဖွဲ့ဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013