
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ဆည်ရွာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးက ရှေ့တန်းပြန် စစ်အာဏာရှင် တပ်သားတွေကို ကြိုဆိုဖို့ တအိမ်တယောက် မလိုက်တာကြောင့်ဆိုပြီး ရွာသားတွေကို အဓမ္မ ဒဏ်ငွေရိုက် ငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆည်ရွာကျေးရွာ အုပ်ချုပ်ရေးမှူး မြင့်နိုင်ဟာ ဧပြီ ၁၁ ရက်က ရှေ့တန်းပြန်လာတဲ့ ခလရ ၅၁ က တပ်သားတွေကို တအိမ်တယောက် လိုက်ပါကြိုဆိုဖို့ ခေါ်ခဲ့ရာမှာ မလိုက်တဲ့ အရပ်သားတွေဆီကနေ ဒဏ်ငွေကျပ် ၁၀,၀၀၀ စီ တောင်းယူနေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “အုပ်ကြီး မြင့်နိုင်က ဒဏ်ငွေဆိုပြီး လိုက်တောင်းနေတာ။ တအိမ်ကျပ် ၁၀,၀၀၀ အထိ တောင်းနေတာ။ ၁၁ ရက်နေ့က ခလရ ၅၁ ထဲကို ရှေ့တန်းပြန် စစ်တပ်က တပ်သားတွေကို ကြိုဆိုဖို့ မလိုက်တာကြောင့်ဆိုပြီး တောင်းတာ” လို့ ပြောပါတယ်။
ဆည်ရွာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မြင့်နိုင်ရဲ့ အပိုင်ထဲမှာ ကျေးရွာခွဲ ၁၄ ရွာအထိရှိပြီး လူနေအိမ်ခြေ ၁,၃၀၀ အထိရှိကာ အုပ်ချုပ်ရေးမှူးက စစ်တပ်နဲ့ ခြိမ်းခြောက်တာကြောင့် ရှေ့တန်းပြန် ကြိုဆိုပွဲ မလိုက်ဘဲနေခဲ့သူ အများစု ဒဏ်ငွေပေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ခလရ ၅၁ တပ်နဲ့ နီးစပ်သူတယောက်က “ဒါကတော့ လွန်ပါတယ်။ စစ်တပ်အပေါ် အမြင်မကြည်တဲ့ အရပ်သားတွေက မကြည်သည်ထက် မကြည် ဖြစ်တာပေါ့။ အရပ်သားတွေက စစ်ကောင်စီတပ်သားတွေကို မကြိုဆိုချင်တာလေ။ ဒဏ်ငွေရိုက်တာက မလုပ်သင့်တဲ့အလုပ်ပါ” လို့ ပြောပါတယ်။
တအိမ်တယောက်နှုန်းနဲ့ ခေါ်တဲ့အတွက် အိမ်ခြေ ၂၀၀ ဝန်းကျင်လောက်က အရပ်သားတွေဟာ ရှေ့တန်းပြန်တွေကို သွားရောက်ကြိုဆိုခဲ့ကြရပါတယ်။
ဒါ့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူးက အခုကောက်ယူနေတဲ့ဒဏ်ငွေဟာ မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ပေးရမှာလို့ ပြောဆိုကောက်ယူနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။










