
မွန်ပြည်နယ် ရေးမြို့နယ် အစင်စံပြကျေးရွာအုပ်စု ဆိပ်ကလေးကျေးရွာရှိ အနောက် ပင်လယ်ကမ်းခြေမှာ လာရောက်အပန်းဖြေ အနားယူသူတွေ အရင်နှစ်တွေကထက် ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်။
ဝါတွင်းကာလနဲ့ ပွင့်လင်းရာသီ ကျောင်းပိတ်ရက် ရုံးပိတ်ရက်တွေမှာ လာရောက်ခဲ့သလို အခုနှစ်က လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာရယ်၊ ဒေသထွက် ပင်လယ်စာကုန်ကြမ်း ဈေးနှုန်းချိုသာတာရယ်ကြောင့် ပြီးခဲ့တဲ့နှစ်ထက် ပိုမိုစိတ်ဝင်စားစွာ အပန်းဖြေလာကြတလို့ ပင်လယ်စာ ရောင်းချသူတွေက ဆိုပါတယ်။
အနောက်ပင်လယ်ကမ်းခြေမှာ မိသားစုတွေ၊ အဖွဲ့အစည်းတွေ၊ ချစ်သူစုံတွဲတွေက ပါတီပွဲ၊ မွေးနေ့ပွဲတွေကို ပြုလုပ်ခဲ့တာ ရှိသလို အရင်က နေ့ဘက်မှ လာရောက်အပန်းဖြေခဲ့ကြပေမယ့် အခုနှစ်မှာ ညနေ နေဝင်ဆည်းဆာ အလှအပ ကြည့်ရှုခံစားနေသူနဲ့ ညပိုင်းအထိ အပန်းဖြေသူတွေ ရှိလာနေခဲ့တယ်လို့ ဆိုပါတယ်။
လာရောက်အပန်းဖြေသူတွေထဲမှာ ရေးမြို့နယ်အပြင် မော်လမြိုင်၊ ရန်ကုန်၊ မန္တလေး၊ ထားဝယ်ကပါ လာရောက်ခဲ့ကြသလို နိုင်ငံခြားသားတွေပါ လာရောက် အပန်းဖြေနေကြလို့ ပင်လယ်စာ ရောင်းချသူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ရစေခဲ့တယ်လို့ ဆိုပါတယ်။
အခုလက်ရှိ အနောက်ပင်လယ်ကမ်းခြေမှာ ပင်လယ်စာ ရောင်းချနေသူ ၅ ဦးအထိ ရှိလာပြီး ဒေသခံ စီးပွားရေးသမားတွေက အခုနှစ်အတွင်း ဟိုတယ်ပါ တည်ဆောက်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဒီကမ်းခြေဟာ ရေးမြို့မှ ၇ မိုင် အကွာအဝေးမှာ တည်ရှိကာ နာရီဝက်နီးပါးလောက် သွားရတယ်လို့ သိရပါတယ်။
သတင်း - နေမျိုးထွဋ်(ရေး)











