
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်၊ ချစ်ကြည်ရေးလမ်းမှာရှိတဲ့ နေအိမ်တလုံးမှာ ဇူလိုင် ၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ်လေးတယောက် သေဆုံးခဲ့ပါတယ်။
မီးလောင်မှုကြောင့် ၁၀ ပေပတ်လည်ရှိတဲ့ ထရံကာ၊ မြေစိုက်၊ သွပ်မိုး ခြံစောင့်တဲတလုံး မီးထဲပါသွားခဲ့သလို အမည်မပေးရသေးတဲ့ အသက် ၂ လအရွယ် ကလေးငယ်လေးလည်း အခင်းဖြစ်ပွားရာ နေရာမှာတင် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဖခင်ဖြစ်သူမှာလည်း ခန္ဓာကိုယ်တခုလုံး မီးလောင်ဒဏ်ရာ (စိုးရိမ်ရ) တွေ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့ နေအိမ်ကို မြဝတီမြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး မီးငြှိမ်းသတ်ယာဉ်တစီး၊ မီးသတ်ရေသယ်ယာဉ် ၃ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၀ ယောက်နဲ့အတူ ငြှိမ်းသတ်ခဲ့ပြီး ညနေ ၅ နာရီ ၂၈ မိနစ်မှာ မီးကို ထိန်းချုပ်နိုင်ခဲ့ကာ ညနေ ၅ နာရီ ၃၀ မိနစ်မှာတော့ မီးလုံးဝငြိမ်းသွားခဲ့ပါတယ်။
ဒီမီးလောင်မှုဟာ ဆနွင်းမိုင်းခြင်ဆေးခွေ ထွန်းထားတဲ့ ခွက်အနီးမှာ ၅ ဂါလန်ဆံ့ ပုံးထဲက ဓာတ်ဆီတွေကို ဘူးထဲကို လှယ်ထည့်ရာကနေ မီးဟပ်ပြီး စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။











