
ထိုင်းနိုင်ငံ၊ ဆာခွန်နခွန်ခရိုင်ထဲက မူလတန်းကျောင်းတယောက်မှာ အသက် ၈ နှစ်အရွယ် ၃ တန်း ကျောင်းသားတယောက်က ဆရာမကို ဓားနဲ့ ခြိမ်းခြောက်ပြီး လိုက်လံရန်ပြုခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့တဲ့အကြောင်း Bangkok Post သတင်းမှာ ဇွန် ၁၅ ရက် က ဖော်ပြပါတယ်။
ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောင်းရဲ့အမည်ကို ထုတ်ဖော်ကြေညာခြင်း မရှိသလို ကျောင်းစောင့်ဖြစ်သူက ကြားဖြတ်ဖျန်ဖြေပြီး ကလေးငယ်ကို ဓားချထားဖို့ ဖျောင်းဖျနိုင်ခဲ့တာကြောင့် အခြေအနေကို ပိုမိုဆိုးရွားမလာအောင် အချိန်မီ ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆာခွန်နခွန်ခရိုင် အခြေခံပညာရေးဝန်ဆောင်မှုဇုန် ၁ ညွှန်ကြားရေးမှူး ဆာထန် ဝါရီဟာ ဖြစ်စဉ်အမှန်ကို စုံစမ်းစစ်ဆေးဖို့အတွက် တနင်္ဂနွေနေ့က ကျောင်းကို သွားရောက်ခဲ့ပြီး တာဝန်ရှိသူတွေအနေနဲ့လည်း ကလေးငယ်ရဲ့ အကြမ်းဖက်လိုတဲ့ အပြုအမူကို ကိုင်တွယ်ဖြေရှင်းနေသလို စိတ်ဒဏ်ရာရရှိခဲ့သူတွေကို ကူညီပံ့ပိုး ပေးနိုင်ဖို့ ဆောင်ရွက်နေတာပါ။
ကျောင်းအာဏာပိုင်တွေကတော့ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးကို အမြင့်ဆုံး ဦးစားပေးအဆင့်အဖြစ် သတ်မှတ်ထားကြောင်း ပြောကြားခဲ့သလို ခုလိုဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ပွားစေရအောင် ကာကွယ်ရေးအစီအမံတွေကို ဆွေးနွေးဖို့ ဒေသခံ ရပ်ရွာလူထုခေါင်းဆောင်တွေနဲ့ ရဲတပ်ဖွဲ့ကို ကျောင်းဆီ ဖိတ်ကြားထားပြီး ရဲတပ်ဖွဲ့ကလည်း အခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ရန်ပြုခဲ့တဲ့ ကျောင်းသားငယ်အနေနဲ့ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ခံယူနိုင်ဖို့နဲ့ သတ်မှတ်ထားတဲ့ စောင့်ရှောက်မှု အစီအစဉ်အတိုင်း လိုက်နာဆောင်ရွက်နိုင်ဖို့အတွက် တာဝန်ရှိသူတွေက ဆေးရုံတွေနဲ့ ဒေသခံကျန်းမာရေးဌာနတွေကို သွားရောက်ညှိနှိုင်းပေးခဲ့သလို ကလေးငယ်ရဲ့ အခြေအနေနဲ့ အပြုအမူပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း အနီးကပ်စောင့်ကြည့်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ညွှန်ကြားရေးမှူး မစ္စတာဝါရီနဲ့ အဖွဲ့ဟာ ဖြစ်စဉ်ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို ပြန်လည်သုံးသပ်ခဲ့ပြီး ကျောင်းဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို တင်းတင်းကျပ်ကျပ် ချမှတ်ဆောင်ရွက်ဖို့ အလေးအနက်ပြောလိုက်ပါတယ်။
ရုံးအနေနဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအေဂျင်စီတွေ၊ ဒေသခံအာဏာပိုင်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အဆိုပါကျောင်းသားရဲ့ နေထိုင်မှုဘဝနဲ့ မိသားစုနောက်ခံ အခြေအနေတွေကို ဆန်းစစ်လေ့လာနေပါတယ်။
လက်ရှိမှာတော့ အဆိုပါ ကျောင်းသားငယ်ကို စဉ်ဆက်မပြတ် ကြီးကြပ်ပံ့ပိုးမှုတွေ ပြုလုပ်ထားပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်တွေနဲ့အညီ ကုသမှုပေးခြင်းနဲ့ အပြုအမူပိုင်းဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုတွေကို ဆောင်ရွက်ပေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source: Bangkok Post











