
မြန်မာစစ်အုပ်စုဟာ တရားမဝင် အာဏာသိမ်းပြီးချိန်ကစလို့ ဉာဏ်ရည်တုနည်းပညာ (AI) ကို အသုံးပြုကာ လူထုအပေါ် စောင့်ကြည့်ထောက်လှမ်းတာ၊ သတင်းမှားတွေဖြန့်ပြီး လိမ်ညာ ဝါဒဖြန့်ချိရေးလုပ်ရာတွေမှာ အသုံးချနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာတွေကိုအသုံးပြုကာ ဒစ်ဂျစ်တယ် အာဏာရှင်စနစ် တည်ဆောက်ရေးလုပ်နေသလို ပါရာမော်တာတွေနဲ့ ဂျက်လောင်စာဆီကို အရပ်သားတွေအပေါ် ခွဲခြားမှုမရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖို့ လက်နက်သဖွယ် အသွင်ပြောင်း အသုံးချနေတယ်လို့လည်း ပြောပါတယ်။
ဧပြီ ၆ ရက် မှ ၂၄ ရက်အထိ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်ရဲ့ အစည်းအဝေး မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
စစ်အုပ်စုရဲ့ လက်နက်ပွဲစားတွေဟာ လျှပ်စစ်မော်တာတွေကိုဝယ်ယူပြီး အရှေ့အလယ်ပိုင်းဒေသမှာ မောင်းသူမဲ့လေယာဉ်တွေ (UAVs) အဖြစ် ပြန်လည်အသုံးချနိုင်ဖို့ နည်းပညာကို လမ်းလွှဲအသုံးပြုခဲ့တာကို တွေ့ရှိရတယ်လို့လည်း သံအမတ်ကြီးကဆိုပါတယ်။
စစ်အုပ်စုနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေဟာ အရပ်ဘက်၊ စစ်ဘက် ၂ မျိုးသုံးနိုင်တဲ့ ပစ္စည်းမှန်သမျှကို သူတို့ရဲ့ ကျယ်ပြန့်တဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ အရပ်သားများပြည်သူတွေကို စနစ်တကျ ဖိနှိပ်ချုပ်ချယ်ရေးလုပ်ငန်းတွေအတွက် လမ်းလွှဲသုံးစွဲတာ၊ အလွဲသုံးစားလုပ်တဲ့ လက်နက်အဖြစ် ပြောင်းလဲအသုံးချမှာ ထင်ရှားလှတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
ဒီအခြေအနေမှာ စစ်အုပ်စုက စီစဉ်နေတဲ့ နျူကလီးယားစွမ်းအင် အစီအစဉ်နဲ့ အနာဂတ်မှာ ဒီအစီအစဉ်အပေါ် ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်အတွက် မဟုတ်ဘဲ စစ်ရေး အသုံးချမှုအတွက် အလွဲသုံးစားပြုနိုင်ခြေရှိတဲ့အပေါ် မြန်မာပြည်သူတွေက အလွန်အမင်း စိုးရိမ်ပူပန်တယ်လို့ ဆိုပါတယ်။
နျူကလီးယားစွမ်းအင် အစီအစဉ်အပါအဝင် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုတွေကို စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ပြန်လည်တည်ဆောက်ကာ စစ်တပ်က အရပ်သားအစိုးရရဲ့ ကြီးကြပ် ထိန်းချုပ်မှုအောက်သို့ ရောက်ရှိမှသာလျှင် မြန်မာနိုင်ငံကို ပေးအပ်သင့်တယ်လို့ အကြံပြုထားပါတယ်။
ဒါ့ကြောင့် အကြမ်းဖက်စစ်အုပ်စုထံသို့ လက်နက်တွေ ဂျက်လောင်စာဆီ၊ အရပ်ဘက်၊ စစ်ဘက် ၂မျိုး အသုံးပြုနိုင်တဲ့ ပစ္စည်းတွေနဲ့ နည်းပညာတွေ ရောက်ရှိနေမှုကို တားဆီးဖြတ်တောက်ဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးကို သံအမတ်ကြီးက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုရဲ့ လက်ချက်နဲ့ အပြစ်မဲ့ပြည်သူပေါင်း ၈,၀၀၀ နီးပါး အသက် ဆုံးရှုံးခဲ့ရပြီး လူပေါင်း ၃ ဒသမ ၆ သန်းကျော် အိုးအိမ် စွန့်ခွာနေထိုင်ရကာ လူပေါင်း ၂၂ သန်း နီးပါး လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
Photo: Permanent Mission of Myanmar to the United Nations











