NASA နဲ့ ဂျပန်မိုးလေဝသအေဂျင်စီတွေက ထုတ်ပြန်ခဲ့တဲ့ ဂြိုဟ်တုပုံရိပ်တွေအရ စူပါတိုင်ဖွန်းမုန်တိုင်း ဆင်လာကူဟာ အနောက်ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်တိုက်ခတ်နေပြီး အမြင့်ဆုံးလေတိုက်နှုန်း တနာရီ မိုင် ၁၈၀ ထိ ရှိနေ ပါတယ်။
မုန်တိုင်းဟာ တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ဂူအမ်ကျွန်းရဲ့ အရှေ့တောင်ဘက် ၂၆၅ မိုင် အကွာမှာ တည်ရှိခဲ့ပြီး အနောက်မြောက်ဘက်ကို ရွေ့လျားနေတယ်လို့ အမျိုးသားမိုးလေဝသဌာနက ဆိုပါတယ်။
မုန်တိုင်းဟာ အစွမ်းထက်တဲ့ အဆင့် ၅ စနစ်ကို ရောက်နေပြီး ဆိုင်ပန်နဲ့ တီနီယန်မြို့တွေနားကို ဖြတ်သွားမယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက မျှော်လင့်ထားပါတယ်။
တနင်္ဂနွေနေ့အစောပိုင်းမှာ ဂူအမ်ကျွန်းရဲ့ အရှေ့တောင်ဘက် ပစိဖိတ်ရေပြင်ပေါ်မှာ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဆင်လာကူဟာ အံ့မခန်းအားကောင်းလာပြီး ဧပြီ ၁၂ ရက် မနက် ၁၁ နာရီမှာ ၂၀၂၆ ခုနှစ်မှာ ကမ္ဘာ့ဒုတိယမြောက် အဆင့် ၅ အပူပိုင်း ဆိုင်ကလုန်းဖြစ်လာခဲ့တယ်လို့ ပူးတွဲ တိုင်ဖွန်း သတိပေးဌာနက အဆင့်သတ်မှတ်ခဲ့ပါတယ်။
ဆင်လာကူမုန်တိုင်းဟာ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ အမေရိကန် မြောက်မာရီယာနာကျွန်းစုတွေအတွက် အလွန်အန္တရာယ်များတဲ့ ခြိမ်းခြောက်မှုတခု ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။
Source: Reuters











