
မူးယစ်ဆေးဖြတ် ကုသမှု ခံယူချင်သူတွေကို မြန်မာ-တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာရှိတဲ့ ဘဝသစ်လူငယ်ပြုစုပျိုးထောင်ရေးသင်တန်းကျောင်းက စရိတ်ငြိမ်း ပြန်လည် ထူထောင်ပေးနေပါတယ်။
မူဆယ်မြို့ကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာပြီး မူးယစ်ဆေး စွဲသွားကြတဲ့သူတွေ ထောင်ဂဏန်းနီးပါး ရှိနေပါတယ်။
အဲ့ဒီလူတွေအနေနဲ့ မူးယစ်ဆေးဝါးနွံကနေ လွတ်မြောက်ချင်တယ်ဆိုရင် ဘဝသစ်လူငယ် ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းနဲ့ ဆက်သွယ်ပြီး စရိတ်ငြိမ်း ပြန်လည်ထူထောင်မှု ခံယူလို့ ရတယ်လို့ သင်တန်းကျောင်းတာဝန်ခံ ဆရာဇန်လတ် က ပြောပါတယ်။
လက်ရှိသင်တန်းကျောင်းမှာ လူဦးရေ ၁၂၀ ကျော်ရှိနေပြီး အသက် ၁၅ နှစ်ကနေ ၄၀ အရွယ်ကြား အများဆုံး ဖြစ်ပါတယ်။
အဲ့ဒီထဲမှာ အရွယ်ကောင်းအမျိုးသမီးတွေနဲ့ ကလေးမိခင်လည်း ပါဝင်ပါတယ်။ လူတယောက်ကို အချိန်ကာလ ၆ လသတ်မှတ်ပြီး ပြန်လည်ထူထောင်မှုပေးနေတာပါ။
သင်တန်းကျောင်းကို မူဆယ်အုပ်ချုပ်ရေးအဖွဲ့က လုံခြုံရေးပေးတာရှိပြီး လူမှုကူညီရေးအဖွဲ့ တချို့ ကသာ အကူအညီပေးတာပဲရှိပါတယ်။
ကျန်တဲ့ အစစအရာရာ သင်တန်းကျောင်းကပဲ ကိုယ်ထူကိုယ်ထ တာဝန်ယူထားတာကြောင့် တတ်နိုင် တဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေက ဝိုင်းဝန်းထောက်ပံ့ပေးဖို့လည်း လိုအပ်နေတယ်လို့ ဆရာဇန်လတ် က ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဖြစ်ပွားလာတဲ့ အထွေထွေပဋိပက္ခတွေကြောင့် နိုင်ငံအနှံ့မှာ တရားဥပဒေစိုးမိုးရေးတွေ ယိုင်လဲနေပါတယ်။
မြန်မာမှာ ဘိန်းစိုက်ပျိုးမှုဟာ ၁၀ နှစ်အတွင်း ၁၇ ရာခိုင်နှုန်းမြင့်တက်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုရဲ့ ဗဟိုချက်တခုအဖြစ်လည်း ကုလသမဂ္ဂအစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
ဒါ့အပြင် မူးယစ်းဆေးဝါးပြဿနာဟာ နိုင်ငံသူနိုင်ငံသားတွေအတွက် စိုးရိမ်ရတဲ့အခြေအနေထိ ဖြစ်လာနေတာကြောင့် ပြည်သူလူထုတွေ အနေနဲ့ မူးယစ်ဆေးဝါးကို လုံးဝရှောင်ရှားကြဖို့ လိုအပ် တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ဆိုပါတယ်။
ခွန်ဇော်ဦး










