DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်တွင် ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် ရဲအရာရှိ ၁၂ ဦး သေဆုံး
DVB
·
May 10, 2026
Photo: REUTERS/Ehsan Khattak
Photo: REUTERS/Ehsan Khattak
Donate to DVB

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက ရဲစခန်းတခု မေ ၉ ရက်က ကားဗုံးခွဲ တိုက်ခိုက်ခံရပြီးတဲ့နောက် အပြင်းအထန် ပစ်ခတ်မှုဖြစ်ခဲ့လို့ ရဲအရာရှိ ၁၂ ယောက် ထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးသတင်း ရင်းမြစ်တွေက ပြောပါတယ်။

စနေနေ့နှောင်းပိုင်းမှာ အာဖဂန်နစ္စတန်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ခိုင်ဘာပက်ခ်တွန်ခွါ ပြည်နယ်က ဘန်နုခရိုင်မှာ တိုက်ခိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး အစ်တီဟဒ် အူမူဂျာဟစ်ဒက် ပါကစ္စတန်လို့  လူသိများတဲ့ လက်နက်ကိုင်အဖွဲ့များ မဟာမိတ်အဖွဲ့က သူတို့လက်ချက်လို့ ဝန်ခံခဲ့ပါတယ်။

အသေခံဗုံးခွဲသမားတယောက်နဲ့ တိုက်ခိုက်ရေးသမားတချို့က လုံခြုံရေးစခန်းအနားမှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ထားတဲ့ ယာဉ်တစီးကို ဖောက်ခွဲခဲ့တယ်လို့ ရဲအရာရှိ ဇာဟစ်ဒ်ခန်းက အေပီသတင်းဌာနကို ပြောပါတယ်။

မကြာမီ ပေါက်ကွဲသံတွေကို ကြားခဲ့ရပြီး လုံခြုံရေးစခန်းလည်း ပေါက်ကွဲမှုကြောင့် ပြိုကျသွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စနေနေ့က တိုက်ခိုက်မှုအပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ ရဲစခန်းဟာ အပျက်အစီးတွေအဖြစ် ပြိုကျသွားပြီး အုတ်ခဲတွေ၊ မီးလောင်ကျွမ်းနေတဲ့ အပျက်အစီးတွေနဲ့အတူ ပျက်စီးနေတဲ့ ယာဉ်တွေ နေရာအနှံ့ ပြန့်ကြဲနေတာကို တွေ့ရပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုအပြီးမှာ အရန်တပ်ဖွဲ့တွေ အပြေးအလွှား ရောက်လာပြီး ချောင်းမြောင်းတိုက်ခိုက်ခဲ့တယ်လို့ လုံခြုံရေးအရာရှိတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသားတွေဟာ ပေါက်ကွဲစေတဲ့ ကားတစီးနဲ့ ရဲစခန်းကို ဝင်တိုက်မိပြီးတဲ့နောက် ရဲတွေဆီကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ အမည်မဖော်တဲ့ ရဲအရာရှိက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ရဲတပ်ဖွဲ့ကို ကူညီဖို့ တခြားဥပဒေစိုးမိုးရေးဝန်ထမ်းတွေကို စေလွှတ်ခဲ့ပေမဲ့ အကြမ်းဖက်သမားတွေက သူတို့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူတချို့ ရှိခဲ့တယ်လို့ဆိုတယ်။

တိုက်ခိုက်သူတွေဟာ တိုက်ခိုက်မှုမှာ ဒရုန်းတွေကိုလည်း သုံးခဲ့တယ်လို့ ရဲသတင်းရင်းမြစ်တွေက ပြောပါတယ်။

နောက်ထပ် သေဆုံးဒဏ်ရာရသူတွေရှိမှာ စိုးရိမ်တဲ့အကြောင်းနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ဆင်ရေးပြီးဆုံးမှသာ ပျက်စီးဆုံးရှုံးမှု ပမာဏကို သိနိုင်မယ်လို့ ရဲအရာရှိ ဆာဂျတ်ခန်းက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013